ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှာ အာဆင်နယ်လား၊ မန်စီးတီးလား၊ လက်စတာလား၊ စပါးလား
|
ပြောရရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံဆိုတာ ဒီဇင်ဘာမှာ ဗိုလ်ဝင်ခံတာမဟုတ်သလို အခုလိုကမောက်ကမရာသီမှာလည်း အင်္ဂလန်ရဲ့ထိပ်တန်းအမှတ်ပေးပြိုင်ပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာ ၅ လကြိုခန့်မှန်းဖို့က အလှည့်အပြောင်းများနိုင်ပါတယ်။
လက်စတာကပဲ မထင်မှတ်တာတွေ လုပ်ပြသွားမလား၊ နောက်ဆုံးတော့ အာဆင်နယ်နှစ် ရောက်လာမလား။ မနှစ်က ဒီလိုအချိန်မှာဆိုရင် အဆင့် ၁ နဲ့ အဆင့် ၄ နေရာကအသင်းက ၁၃ မှတ်ကွာဟနေခဲ့ပြီး ဒီနှစ်မှာတော့ အဲဒီကွက်လပ်က ၄ မှတ်သာရှိနေပါတယ်။
ဒီတော့ ဘယ်အသင်းက ဖလားထဲရှန်ပိန်ထည့်ပြီး အောင်ပွဲခံနိုင်မလဲဆိုတာကို ဘီဘီစီ ဘောလုံးအယ်ဒီတာချုပ် ဖီးလ်မက်နျူတီ(PM)က ဘီဘီစီရေဒီယို ၅ ရဲ့ဘောလုံးပွဲသုံးသပ်သူ စတိဗ်ကလာရစ်ခ်ျ(SC)ရဲ့အကူအညီနဲ့ ဟောကိန်းထုတ်ထားတာကို လေ့လာကြည့်လိုက်ရအောင်။
၁. အာဆင်နယ်
အားသာချက်များ
PM – အာဆင်နယ်မှာ ဖန်တီးနိုင်မှုမြင့်တဲ့ အိုဇဲလ်ရှိနေပြီး ဂိုးသွင်းစက်သေနတ်တွေဖြစ်တဲ့ ဂီရော့ဒ်နဲ့ ဆန်းချက်ဇ်တို့ကလည်း ဂိုးကျည်ဆန်တွေ ပစ်လွှတ်နိုင်ပါတယ်။ ပိုပြီးအဓိကကျတဲ့ အချက်အလက်သစ်ကတော့ အတွေ့အကြုံရင့်ပီတာချက်က အသင်းအပေါ်လွှမ်းမိုးနိုင်မှု၊ ကမ္ဘာ့အဆင့်လက်စွမ်းရှိမှုတွေနဲ့သာမက ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာသိတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားမှုပါပဲ။
အားနည်းချက်များ
SC – အာဆင်နယ်ရဲ့အားနည်းချက်ကတော့ နေရာတစ်ခုတည်းမှာ ကစားသမားများလွန်းနေပြီး တောင်ပံတွေနဲ့ အသင်းဟန်ချက်ညီအောင်လုပ်ပေးနိုင်မယ့် ကစားသမားမလုံလောက်တာပါပဲ။ ဘောလုံးပိုင်ဆိုင်မှုမရှိတဲ့အချိန်မှာ ခံစစ်က စိတ်မချရဘဲ ဟာကွက်တွေပေါ်လာတာကြောင့် ဘောလုံးပိုင်ဆိုင်မှုထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။
PM- စိတ်ဓာတ်ပျော့တယ်။ ဒီအတားအဆီးကို အခုအချိန်အထိ မကျော်ဖြတ်နိုင်သေးဘူး။ ဘောက်ဆင်ဒေးတုန်းက ဆောက်သမ်တန်ကို ၄ ဂိုးပြတ် ဒူးထောက်ခဲ့ရတဲ့ပွဲမှာ အဲဒီအမှားပြန်ပေါ်လာတယ်။ ပြီးတော့ ဒဏ်ရာရကစားသမား များလွန်းနေတယ်။
အာစင်ဝင်းဂါးဘာပြောထားလဲ
၂၀၁၅ ကို ပြန်သုံးသပ်ရရင်တော့ ကျွန်တော်တို့တည်ငြိမ်ခဲ့တယ်။ အကောင်းလက္ခဏာဆောင်တဲ့နှစ်ပဲလို့ ပြောရမယ်။ ခံစစ်ပိုင်းတည်ငြိမ်ခဲ့တယ်။ အသင်းကြီးတွေနဲ့တွေ့တဲ့ပွဲမှတ်တမ်းတွေ တိုးတက်လာတယ်။ ဒီတော့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီပေါ့။
ရာသီသိမ်းအဆင့်ခန့်မှန်းချက် – ၁
၂. လက်စတာ
အားသာချက်များ
PM – ဗာဒီနဲ့ မာရက်ဇ်တို့ရဲ့ဂိုးသွင်းခြေ၊ ပွဲကစားနေချိန် စိတ်ဓာတ်ပြင်းပြမှုနဲ့ ကစားပုံပြောင်မြောက်တဲ့ ကွင်းလယ်လူ ကန်တီ။ ကင်းပါဝါကွင်းထဲက ပရိသတ်အားပေးသံတွေက အကြီးမားဆုံးမောင်းနှင်အားပါပဲ။
အားနည်းချက်များ
PM – ဗာဒီနဲ့ မာရက်ဇ် ဒဏ်ရာရသွားခဲ့ရင် အစားထိုးနိုင်မယ့် အရည်အချင်းရှိကစားသမား ကင်းမဲ့နေတာက အသင်းအတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်လာနိုင်တယ်။ သူတို့အသင်းကို ရထားနဲ့တင်စားရရင်တော့ ရေနီယာရီ၊ ဗာဒီ၊ မာရက်ဇ်နဲ့ ကန်တီတို့က စက်ခေါင်းဖြစ်ပြီး အချိန်မရွေးလောင်စာကုန်သွားနိုင်တယ်။
SC – ငါတို့အတွက်အခွင့်အရေးရပြီလို့ သူတို့တွေးလိုက်မိရင် အန္တရာယ်ကြုံရနိုင်တယ်။ တစ်ခုခုကို ဆုံးရှုံးရပြီလို့ ပထမဆုံးအကြိမ်တွေးမိလိုက်တာနဲ့ မဆိုသလောက်လေး ပြောင်းလဲသွားနိုင်တယ်။ လောလောဆယ်မှာ သူတို့အတွက် စိတ်ဝင်စားစရာမဟုတ်တဲ့အရာက စိတ်ဝင်စားစရာဖြစ်နေတယ်။ ဖိအားလည်း ရုတ်တရက်နည်းနည်းချင်း ၀င်လာပါပြီ။
ရေနီယာရီဘာပြောထားလဲ
ပွဲတိုင်းက ကျွန်တော်တို့အတွက် ခက်ခဲတယ်။ ပရီးမီးယားလိဂ်က တကယ်ရူးချင်စရာကောင်းတယ်။ ဘယ်သူကမှ ချန်ပီယံမဖြစ်ချင်လို့ ကျွန်တော်တို့ အခုလိုအဆင့်ကို ရောက်နေတာပဲ။ အရမ်းထူးဆန်းနေတယ်။ ကျွန်တော်တို့အသင်းကို တင်စားရရင် မြေတိုက်ခန်းပေါ့၊ တခြားအသင်းတွေကတော့ ရေကူးကန်ပါတဲ့ အိမ်ကြီးအိမ်ကောင်းပါ။ မလွယ်ပေမယ့် အသင်းတိုင်းကို အကြိတ်အနယ်ကစားသွားမယ်။ အခုလိုရပ်တည်နေနိုင်တာ အံ့သြဖို့ကောင်းတယ်။ ဒီလိုပဲဆက်ဖြစ်ချင်ပေမယ့် မလွယ်ပါဘူး။
ရာသီသိမ်းအဆင့်ခန့်မှန်းချက် – ၆
၃.မန်စီးတီး
အားသာချက်များ
PM – ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရူနီတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေရှိပြီး အဂူရိုလို ထက်မြက်တဲ့တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမဆို၊ ဘယ်အချိန်မှာမဆို အနိုင်ယူနိုင်လောက်တဲ့ အကောင်းဆုံးကစားသမားအင်အား ပိုင်ဆိုင်ထားတယ်။
အားနည်းချက်များ
PM – အဂူရိုနဲ့ ကွန်ပနီလို အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် ပွဲအများစုမှာ မပါဝင်နိုင်တဲ့အတွက် အသင်းခြေစွမ်းက ထင်ထားသလောက် ဖြစ်မလာသလို အဝေးကွင်းရလဒ်ဆိုးတာကလည်း စိတ်ပျက်စရာပါ။
SC – အသင်းက နည်းနည်းလေး ပုံပျက်နေတယ်။ ဗဟိုခံစစ်နဲ့ တိုက်စစ်က အဓိက ကစားသမား ၂ ယောက် ကြံ့ခိုင်မှုမပြည့်ဝဘဲ သူတို့နေရာကိုလည်း အစားဝင်နိုင်မယ့်သူ မရှိပါဘူး။
ပယ်လီဂရီနီဘာပြောထားလဲ
အမှတ်ပေးဇယားထိပ်က ၂ သင်းနဲ့ ၃ မှတ်ကွာနေတယ်။ ဒုတိယရာသီဝက်မှာ ၂ သင်းလုံးကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ်။ လောလောဆယ်အနေအထားက ကောင်းပါတယ်။ အခုထက်ပိုကောင်းအောင် လုပ်ရမယ်ဆိုတာ သိပါတယ်။ ပထမရာသီဝက်မှာ ပေးဂိုး ၂၀ ရှိထားတာကတော့ များလွန်းတယ် ထင်ပါတယ်။
ရာသီသိမ်းအဆင့်ခန့်မှန်းချက် – ၂
၎. စပါး
အားသာချက်များ
PM – ငယ်ရွယ်ပျိုမြစ်တဲ့အသင်းသားတွေက လူငယ်နည်းပြပိုချက်တီနိုရဲ့လမ်းညွှန်မှုနဲ့အတူ တောက်ပြောင်နေပါတယ်။ ဟယ်ရီကိန်းရဲ့ပုံမှန်သွင်းဂိုးတွေက အသင်းအောင်မြင်မှုအတွက် အဓိကကျနေသလို ဒီလီအယ်လီကလည်း တောက်ပလာတဲ့ကြယ်တစ်ပွင့်ပါ။
အားနည်းချက်များ
PM – ဟယ်ရီကိန်းသာဒဏ်ရာရသွားရင် ဂိုးတွေရပါ့ဦးမလား။ မျှော်မှန်းချက်တွေ ပိုမြင့်မားလာပြီး ၁၉၆၁ နောက်ပိုင်း ပထမဆုံးဖလားအရယူနိုင်ဖို့ နီးစပ်လာမယ်ဆို သူတို့အသင်းမှာ ကစားသမားအင်အား လုံလောက်မလား၊ စိတ်ဓာတ်ပြင်းပြမှုရှိပါ့မလား။ ရှိတော့ ရှိနိုင်ပေမယ့် ဘယ်အတိုင်းအတာအထိလဲဆိုတာ မပြောနိုင်ဘူး။
SC – ကျွန်တော့်အမြင်တော့ စပါးက ခြေစွမ်းအတည်ငြိမ်ဆုံးအသင်းပဲ။ ဟန်ချက်မညီပေမယ့် ကစားရခက်တဲ့အသင်းပါ။ ဟယ်ရီကိန်းဒဏ်ရာရသွားရင်တော့ သူတို့ဘယ်သူ့ကို အစားထိုးမလဲ။
ပိုချက်တီနိုဘာပြောထားလဲ
ကိန်းဂဏန်းအချက်အလက်တွေအရ ချန်ပီယံဖြစ်ဖို့က အမြဲတမ်းဖြစ်နိုင်ပါတယ်။ တစ်ရာသီလုံးမှာ အင်အားပြည့်ကစားဖို့လိုတယ်။ ဒီနေ့ပဲ ဖလားအကြောင်း စပြောနိုင်ပြီလေ။ ဒါပေမဲ့ အရေးအကြီးဆုံးက ကြိုးစားဖို့ပါပဲ။
ရာသီသိမ်းအဆင့်ခန့်မှန်းချက် – ၃
Next : မန်ယူ၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် မှော်အစွမ်းမရှိဟု ဗန်ဟားလ်ထုတ်ဖော်