ကစားသမားခေါ်ယူမှု ပြီးဆုံးသော်လည်း ဧရာဝတီယူတိုက်တက်နည်းပြချုပ်ရာထူး အတည်မဖြစ်သေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဦးကျော်လွင်နှင့်အတူ ဧရာဝတီယူနိုက်တက်ကို ပူးတွဲကိုင်တွယ်နေသည့် မာဂျန်

အောင်သော်ဖြိုး။
ဒီဇင်ဘာ ၃၁။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ဧရာဝတီယူနိုက်တက်သည် ပြည်တွင်း၊ ပြည်ပကစားသမား ခေါ်ယူမှုများ ပြီးဆုံးခဲ့သော်လည်း နည်းပြချုပ်ရာထူးအတွက် နိုင်ငံခြားသားနည်းပြ မာဂျန် နှင့် ပြီးခဲ့သည့်ရာသီတွင် လက်ထောက်နည်းပြအဖြစ်တာဝန်ယူခဲ့သည့် ပြည်တွင်းနည်းပြ ဦးကျော်လွင်တို့ ၂ ဦးအနက် နည်းပြချုပ်ရာထူးကို မည်သူရရှိမည်ဆိုသည်အား အတည်မပြုရသေးကြောင်း ဧရာဝတီယူနိုက်တက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧရာဝတီယူနိုက်တက်၏ ရာသီကြိုခြေစမ်းပွဲများကို မာဂျန်နှင့် ဦးကျော်လွင်တို့ ၂ ဦးတွဲဖက်ကိုင်တွယ်နေပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် အောင်ဆန်းဒိုင်းချန်ပီယံ ဧရာဝတီယူနိုက်တက်တို့ ကွင်းဖွင့်ဖလား(Charity  Cup)ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဧရာဝတီယူနိုက်တက်သည် ပြည်ပကစားသမားခေါ်ယူမှုအဖြစ်  ဇွဲကပင်မှ  နောက်ခံလူ ဟန်ဆန်၊ ဇေယျာရွှေမြေမှ ကွင်းလယ်ကစားသမား ယာကူဘူ၊ ဂျပန်နိုင်ငံသား တိုက်စစ်မှူး တာကူမူ၊ နှင့် နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား ခရစ္စတိုဖာတို့ကို ၁ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးဖြစ်သည်။

ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် ကစားသမား ၁၁ ဦးအထိ ခေါ်ယူခဲ့ပြီး  ၎င်းတို့မှာ ကွင်းလယ်နေရာအတွက် လက်ရွေးစင်ကစားသမားဟောင်း ကျော်ဇေယျာဝင်း၊ အောင်ရဲထွဋ်၊ စိုးမင်းအောင်၊ နေမိုးအောင်၊ ချစ်သက်ဦး၊ ရှေ့တန်းကစားသမား စထက်နိုင်ဝင်း နှင့် နောက်တန်းနေရာအတွက် အောင်ဟိန်းကျော်၊ နိုင်လင်းထွန်း၊ ဝေဖြိုး၊ ဂိုးသမား ထွန်းလင်းစိုးတို့ ဖြစ်သည်။

ဧရာဝတီယူနိုက်တက်သည် ပြီးခဲ့သည့်ရာသီက အသင်းတွင်ပါဝင်ခဲ့သည့် အဓိကကစားသမားများဖြစ်သော နေလင်းထွန်း၊ ထိုက်ထိုက်အောင်၊ ကျော်မင်းဦး၊ ဟိန်းသီဟဇော်တို့နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည်။

comments

error: Content is protected !!