မန်ယူကစားသမားများမှာ အနာဂတ်အတွက် ကစားနေဟု စမောလင်းဆို
|
မန်ယူအသင်းသားအားလုံးမှာ ၎င်းတို့၏အနာဂတ်အတွက် ဘောလုံးကစားနေခြင်းဖြစ်ကြောင်း နောက်ခံလူ ခရစ်စမောလင်းက ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် မန်ယူနည်းပြဗန်ဟားလ်မှာ ထုတ်ပယ်ခံရနိုင်သည်ဟူသော ဖိအားအောက်ရောက်ရှိနေပြီး မန်ယူမှာလည်း ပြိုင်ပွဲစုံ ၈ ပွဲဆက် အနိုင်ပျောက်ဆုံးနေကာ ၁၉၈၉-၉၀ ဘောလုံးသီနောက်ပိုင်း အဆိုးဆုံးအနေအထားနှင့် ရင်ဆိုင်နေရသည်။
စမောလင်းက အသင်းတွင်ရှိသူအားလုံး မည်သူမှ စိတ်အေးနေ၍မရဟုဆိုပြီး”ကျွန်တော်တို့အားလုံးကလည်း ကျွန်တော်တို့အနာဂတ်တွေအတွက် ကစားနေကြတာပါ။ နည်းပြအတွက် ကျွန်တော်တို့မကြိုးစားပေးဘူးဆိုတဲ့စကားတွေက အဓိပ္ပာယ်မရှိပါဘူး။ ဗန်ဟားလ်ကို စတွေ့ခဲ့တဲ့နေ့ကတည်းက အခုအချိန်အထိ သူက ဒီပုံစံအတိုင်းပါပဲ။ သူက ပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒီလို မပြောင်းလဲတဲ့အတွက်ကြောင့်ပဲ နည်းပြဘ၀တစ်လျှောက်လုံး သူအရမ်းအောင်မြင်ခဲ့တာပါ။ သူ့မှာ မှတ်တမ်းတင်နိုင်တဲ့လမ်းကြောင်း ရှိပြီးသားဖြစ်နေလို့ သူပြောင်းလဲမယ်လို့ ကျွန်တော်မမြင်ပါဘူး”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဗန်ဟားလ်လက်ထက်တွင် မန်ယူမှာ ယခုရာသီ၌ ဂိုးမရှိသရေပွဲ ၇ ပွဲအထိ ရှိထားပြီး အနာဂတ်နှင့်ပတ်သက်၍ သတင်းများစွာထွက်ပေါ်နေသော်လည်း ကစားသမားများနှင့် ဘုတ်အဖွဲ့က ၎င်းကို ဆက်လက်ယုံကြည်နေဆဲဖြစ်သည်ဟု ဗန်ဟားလ်က ဖွင့်ဟထားသည်။
Next : တစ်ရာသီအတွင်း ၅ ဦးမြောက်နည်းပြကို ၁ ပွဲတာဝန်ယူအပြီး တူရကီကလပ်ထုတ်ပယ်