နည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ဗန်ဟားလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရာထူးမှနုတ်ထွက်မည်မဟုတ်ဟုဆိုလိုက်သည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်က ချဲလ်ဆီးနှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

မန်ယူမှာ ယခုပွဲရလဒ်ကြောင့် ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အဆင့် ၄ နေရာမှအသင်းနှင့် ၅ မှတ်ကွာဟနေသည်။

သို့သော် ချဲလ်ဆီးနှင့်ပွဲတွင် မာတာ၊ မာရှယ်တို့၏ဂိုးရရန်ကြိုးပမ်းမှုများ တိုင်ထိထွက်ခဲ့ကာ အသင်းကစားပုံတိုးတက်လာသည့်အတွက်”ကစားသမားတွေက ဖိအားဒီလောက်များနေတဲ့အချိန်မှာ အခုလိုခြေစွမ်းနဲ့ကစားပြသွားလို့ နုတ်ထွက်စရာအကြောင်း မရှိပါဘူး”ဟု ဗန်ဟားလ်က ပြောကြားခဲ့သည်။

ခရစ္စမတ်မတိုင်မီက ၎င်း၏ရာထူးနှင့်ပတ်သက်ပြီး ကောလာဟလများထွက်ရှိလာသည့်အတွက် မီဒီယာများကို ဝေဖန်ခဲ့သည့် ဗန်ဟားလ်အတွက် ယခုသီတင်းပတ်မှာ စမ်းသပ်ခံနေရသည့်ကာလဖြစ်ပြီး စတုတ်စီးတီးကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့သည့်ပွဲပြီးနောက် ချဲလ်ဆီးနှင့်ကစားသည့် အိမ်ကွင်းပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်၌ ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ညိုပုံရိုက်နှိပ်ထားသည့် မန်ယူလည်စည်းများကို ရောင်းချမှုများရှိခဲ့သည်။

သို့သော်ဗန်ဟားလ်က ကစားသမားများနှင့် ကလပ်ဘုတ်အဖွဲ့၏ ထောက်ခံမှုရရှိထားကြောင်းတုံ့ပြန်ခဲ့ပြီး”အခုဖြစ်နေတဲ့ အခက်အခဲက ပတ်ဝန်းကျင်ကြောင့်ပဲ။ ခင်ဗျားတို့ မီဒီယာတွေကြောင့်လည်း ပါတယ်။ ကစားသမားတွေက အစွမ်းကုန်ပေးဆပ်ချင်နေကြတယ်။ နည်းပြကလည်း တိုက်ပွဲဝင်ဖို့အသင့်ပဲ။ နည်းပြအဖွဲ့ဝင်တွေကလည်း အဲဒီလိုပဲ။ ဘုတ်အဖွဲ့ကလည်း နည်းပြအဖွဲ့နဲ့ နည်းပြကို ယုံကြည်မှုအပြည့်ထားထားတယ်”ဟု ဆိုခဲ့သည်။

သို့သော် မန်ယူမှာ လက်ရှိအမှတ်ပေးဇယား အဆင့် ၆ တွင်ရပ်တည်နေပြီး ပွဲစဉ်အလိုက်ခြေစွမ်းရပ်တည်မှုဇယားတွင် အောက်ဆုံးနေရာ၌ရှိနေသဖြင့် မိမိမှာလည်း ထုတ်ပယ်ခံရနိုင်မှုကို ပြန်လည်တွန်းလှန်ရန် ကိုယ်ခံစွမ်းအားမရှိဟု ဗန်ဟားလ်က ၀န်ခံခဲ့သည်။

“ဘောလုံးလောကမှာ နေ့တိုင်း ဘာမဆိုဖြစ်နိုင်တယ်။ ကျွန်တော်လည်း ပါတယ်။ မော်ရင်ညိုတောင် အထုတ်ခံခဲ့ရတာဆိုတော့ ကျွန်တော်လည်း အဲဒီလိုအဖြစ် ကြုံနိုင်တာပဲ”ဟု ဗန်ဟားလ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!