ဒေးဗစ်ဂျိမ်းစ်၏ ပရီးမီးယားလိဂ် ဂိုးမပေးရသည့် ပွဲအများဆုံးစံချိန်ကို ပီတာချက် ချိုးဖျက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘုန်းမောက်ကိုအနိုင်ရပြီးနောက် အောင်ပွဲခံနေသည့် ပီတာချက်

အာဆင်နယ်ဂိုးသမား ပီတာချက်သည် ဘုန်းမောက်ကို ၂ ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲစဉ်အပြီး စုစုပေါင်း ပရီးမီးယားလိဂ် ၃၅၂ ပွဲတွင် ဂိုးမပေးခဲ့ရသည့်ပွဲ ၁၇၀ အထိရှိသွားခဲ့ပြီဖြစ်ရာ ဒေးဗစ်ဂျိမ်းစ်တင်ထားခဲ့သည့် ၁၆၉ ပွဲ ဂိုးမပေးခဲ့ရသည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ပီတာချက်သည် ၂၀၁၀ ခုနှစ်က ကစားသမားဘ၀မှ အနားယူသွားခဲ့သည့် အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်တင်ခဲ့သည့်စံချိန်ကို ဘုန်းမောက်နှင့်ပွဲတွင်ချိုးဖျက်နိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးမပေးရသည့်ပွဲအများဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

ပီတာချက်သည် မန်စီးတီးနှင့်ပွဲစဉ်ကတည်းက ဒေးဗစ်ဂျိမ်းစ်၏ စံချိန်ကိုချိုးဖျက်နိုင်ရန်နီးစပ်ခဲ့ပြီး ယာယာတိုရေး၏နောက်ကျချေပဂိုးကြောင့် ယခုဘုန်းမောက်နှင့်ပွဲစဉ်မှ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပီတာချက်က “ကျွန်တော့်အတွက်တော့ ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ ဒီလိုစံချိန်သစ်တင်နိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်။ ဂိုးမပေးရတဲ့ပွဲအရေအတွက် အများဆုံးရထားတဲ့ ဂိုးသမားစာရင်းကို ကြည့်လိုက်ရင် တကယ့်ထိပ်တန်းဂိုးသမားတွေချည်းပဲဆိုတာ တွေ့ရမှာပါ။ သူတို့ကိုကျော်ဖြတ်ပြီး စံချိန်တင်နိုင်ခဲ့တာကြောင့် ကျွန်တော်အရမ်းကျေနပ်မိပါတယ်”ဟု ပွဲအပြီးတွင် စကိုင်းစပို့သတင်းဌာနနှင့်အင်တာဗျူး၌ ဖြေကြားခဲ့သည်။

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့သည့်အတွက်လည်း ပရိသတ်များကို ပီတာချက်က တောင်းပန်ခဲ့ပြီး အဆိုပါရှုံးပွဲမှာ ဘုန်းမောက်နှင့်ပွဲတွင် နိုင်ပွဲပြန်လည်ရယူရန်အတွက် တွန်းအားဖြစ်စေခဲ့ကြောင်း ၎င်းကဆိုခဲ့သည်။

ချက်လက်ရွေးစင်ပီတာချက်သည် ၁၁ နှစ်ကြာဖြတ်သန်းခဲ့သည့် ချဲလ်ဆီးမှ အာဆင်နယ်သို့ ပြီးခဲ့သည့် နွေရာသီကမှပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုကဲ့သို့စံချိန်သစ်တင်နိုင်ခဲ့ခြင်းအား စံချိန်ရှင်ဟောင်း ဒေးဗစ်ဂျိမ်းစ်အပါအ၀င် အာဆင်နယ်အသင်းဖော်များဖြစ်သည့် အာရွန်ရမ်ဆေး၊ ဟတ်တာဘယ်လာရင် နှင့် ချဲလ်ဆီးဂိုးသမား ဘီဂိုဘစ်တို့က တွစ်တာမှတစ်ဆင့် ဂုဏ်ပြုခဲ့ကြသည်။

comments

error: Content is protected !!