အိုဇဲလ်မှာ ဘားကမ့်ကဲ့သို့ ပြီးပြည့်စုံသည့်ကစားသမားဟု အာစင်ဝင်းဂါး ချီးကျူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘားကမ့်နှင့် အိုဇဲလ်အား အတူတွေ့ရစဉ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အမှတ်ပေးဇယားထိပ်ဆုံးသို့တက်လှမ်းနိုင်ခဲ့သည့် ဘုန်းမောက်နှင့်ပွဲစဉ်တွင် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူ အိုဇဲလ်ကို အာဆယ်နယ် တိုက်စစ်မှူးဟောင်း ဒင်းနစ်ဘားကမ့်နှင့် ခိုင်းနှိုင်းချီးကျူးခဲ့သည်။

အိုဇဲလ်သည် ဘုန်းမောက်ကို ၂-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် နောက်ခံလူဂါဘရီရယ်၏ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ဒုတိယဂိုးကိုလည်း ဂီရော့ဒ်နှင့်ချိတ်ဆက်မှုမှတစ်ဆင့် ကိုယ်တိုင်သွင်းယူခဲ့သည်။

ဘုန်းမောက်နှင့်ပွဲအပြီးတွင် အာစင်ဝင်းဂါးက “ဘားကမ့်ဟာ ဂိုးသွင်းဖို့အမြဲဆာလောင်နေတဲ့ တိုက်စစ်မှူးပါ။ အိုဇဲလ်ကတော့ အဓိက ဂိုးဖန်တီးပေးသူဖြစ်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်သူဖြစ်ပါတယ်။ အိုဇဲလ်ဟာလည်း ဘားကမ့်လို ထိပ်တန်းကစားသမားပါပဲ” ဟုချီးကျူးပြောဆိုခဲ့သည်။

အာစင်ဝင်းဂါးက “လက်ရှိမှာ သူအကောင်းဆုံးခြေစွမ်းပြနေနိုင်တဲ့အတွက် ကျွန်တော့်ကိုကျေးဇူးတင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက သူ့ကို မကောင်းမြင်နေတဲ့အချိန်တုန်းက သူ့ဘက်ကနေ ကျွန်တော်အမြဲတမ်းကာကွယ်ပေးထားခဲ့လို့ပါ” ဟုဆိုခဲ့သည်။

“အိုဇဲလ်ဟာ ကျွန်တော်တို့အသင်းမှာ အခရာအကျဆုံးကစားသမားဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လက်ရှိကွင်းလယ်ကစားကွက်ပုံစံအသစ်၊ အိုဇဲလ်ရဲ့နည်းစနစ်ပိုင်းနဲ့ ဘောလုံးအထိန်းအသိမ်းတွေက တခြားကစားသမားတွေကို လုံခြုံမှု၊ ယုံကြည်မှုပိုတိုးလာစေပါတယ်။ သူက ဖြတ်ထိုးဥာဏ်ရှိရုံတင်မကဘဲ အလုပ်ကြိုးစားသူလည်းဖြစ်တယ်ဆိုတာ သူစွမ်းဆောင်ခဲ့တဲ့ အချက်အလက်တွေနဲ့ ဂိုးဖန်တီးမှုတွေကိုကြည့်လိုက်ရင်သိနိုင်ပါတယ်။ သူဟာ အသင်းဖော်တွေအတွက် ဖန်တီးပေးနိုင်ရုံမကဘဲ ကိုယ်တိုင်လည်းဂိုးသွင်းနိုင်သူဖြစ်လို့ ပြီးပြည့်စုံတဲ့ကစားသမားတစ်ဦးပါ”ဟု ချီးကျူးခဲ့သည်။

ယနေ့ညကစားမည့်ပွဲစဉ်တွင် လက်စတာအသင်းရမှတ်ဆုံးရှုံးခဲ့ပါက အာဆင်နယ်မှာ ရာသီဝက်ချန်ပီယံအဖြစ် ၂၀၁၅ ခုနှစ်ကို နှုတ်ဆက်နိုင်မည်ဖြစ်ပြီး ၁၂ ရာသီကြာဝေးကွာနေခဲ့သည့် ပရီးမီးယားလိဂ်ချန်ပီယံအိမ်မက်ကို အကောင်အထည်ဖော်နိုင်ရန် နီးစပ်လာမည်ဖြစ်သည်။

comments

error: Content is protected !!