မသိရင် ရိုင်ယန်ဂစ်က နည်းပြတာဝန်ယူထားသလိုပဲ (မန်ယူ-ချဲလ်ဆီးပွဲစဉ်ကို ဂျင်မီကာရေဂါ သုံးသပ်သည်)
|
ဂစ်ကိုင်တွယ်နေတဲ့အသင်းလေလား။
ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ကျွန်တော်သာ သတင်းစာမဖတ်၊ ရုပ်သံမကြည့်ရင်တော့ အခုပွဲက ရိုင်ယန်ဂစ်ရဲ့နည်းပြဘ၀ ပထမဆုံးကြီးကြပ်ရတဲ့ပွဲလို့ ထင်မိမှာပါပဲ။
နည်းစနစ်ပိုင်းက သူ့ကြောင့်ပြောင်းလဲတယ်လို့ ကျွန်တော်မပြောပေမယ့် မန်ယူရဲ့မနေ့ညကခြေစွမ်းကတော့ လူးဝစ်ဗန်ဟားလ်ကြောင့်မဟုတ်တာ သေချာပါတယ်။ သူတို့အသင်း တိုက်စစ်ဆင်တာ၊ ဖိအားပေးတာတွေကို မြင်နေရတာက အရင်ကမန်ယူကို ပြန်မြင်လိုက်ရသလိုပါပဲ။
အီဗန်နိုဗစ်ကို နေရာပြောင်းပေးဖို့လိုတယ်။
အီဗန်နိုဗစ်က ပွဲစဉ် ၁ မှာ ဆွမ်ဆီးနဲ့တွေ့ခဲ့ကတည်းက ပြဿနာရှိနေခဲ့တာပါ။ မာရှယ့်ကို သူထိန်းဖို့ ခက်ခဲနေတာတွေ့ရပြီး သူ့ကိုဗဟိုခံစစ်နေရာပို့လိုက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အီဗန်နိုဗစ်ဟာ ချဲလ်ဆီးအတွက် အကောင်းဆုံးကစားခဲ့ပေမယ့် တောင်ပံမှာသူဆက်ကစားရရင်တော့ သူ့နေရာက ကွက်လပ်တွေပေါ်လာလိမ့်မယ်။ ခံစစ်အတွင်းလူနေရာကို သူရောက်သွားတာက အသင်းဂိုးမပေးရရေးအတွက် ပိုထိရောက်လိမ့်မယ်။
ချဲလ်ဆီး အဆင့် ၈ ၀င်ပါ့မလား။
ရာသီအစမှာ ခြေစွမ်းတွေဆိုးရွားခဲ့တုန်းက ချဲလ်ဆီးဟာ အဆင့် ၄ အတွင်းဝင်မယ်လို့ ကျွန်တော်ယုံကြည်ခဲ့မိသေးတယ်။ အခုတော့ ကျွန်တော့်အထင် သူတို့အသင်းဟာ အဆင့် ၈ အတွင်းဝင်ဖို့တောင် ရုန်းကန်ရလိမ့်မယ်။ တစ်လအတွင်းမှာ သူတို့အသင်းနိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲက ၁ ပွဲတည်းရှိတယ်။ ပထမရာသီဝက်မှာ သူတို့အသင်း အခုလောက်ခြေစွမ်းကျသွားတာ မယုံနိုင်ပါဘူး။ ဘာကြောင့် ရုတ်တရက်ပြောင်းလဲသွားမှန်း ကျွန်တော်နားမလည်ဘူး။
ရွန်နီ့မှာ ဖိအားမရှိခဲ့ဘူး။
ရွန်နီ့ခြေစွမ်းက ပိုကောင်းလာပေမယ့် ချဲလ်ဆီးနောက်ခံလူတွေရဲ့ လူကပ်ကစားပုံကို ကျွန်တော်အံ့သြမိတယ်။ ရွန်နီ့ကို လူကပ်ဖိအားပေးတာတွေ မမြင်မိဘဲ သူ့ဆီက ဘောလုံးဖြန့်တာ၊ ကွက်လပ်ဖော်ပေးတာတွေ လုပ်နိုင်ခဲ့တာ တွေ့ခဲ့ရတယ်။ အိုးထရက်ဖို့ဒ်မှာ နောဝစ်ခ်ျနိုင်သွားတုန်းက ဘတ်ဆောင်းက သူ့ကိုအသေကပ်ထားခဲ့ပေမယ့် ချဲလ်ဆီးကတော့ အဲဒီပုံစံကို မိတ္တူမကူးနိုင်ခဲ့ဘူး။
အမှတ်ခွဲယူဖို့ ချဲလ်ဆီးကစားခဲ့တယ်။
ချဲလ်ဆီးသာ အနိုင်ဂိုးရသွားခဲ့ရင် တစ်ပွဲလုံးခြေစွမ်းအရတော့ စိတ်ပျက်စရာဖြစ်မှာပါ။ မန်ယူကလည်း သူတို့ကစားခဲ့တဲ့ပုံစံအရ ၃ မှတ်မယူနိုင်တာကို စိတ်ပျက်နေဦးမှာ သေချာပါတယ်။
ချဲလ်ဆီးဟာ ပထမပိုင်းမှာ တန်းဆင်းဇုန်အတွက်တိုက်ပွဲဝင်နေရတဲ့အသင်းလို ကစားသွားခဲ့တယ်။ သူတို့က အမှတ်ခွဲယူဖို့ကစားခဲ့တာဖြစ်လို့ မန်ယူက သူတို့အသင်းဘက်ကို ထိုးဖောက်ရတာ လွယ်ကူခဲ့တယ်။
Ref: Daily Mail တွင် လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါရေးသားသည့် သုံးသပ်ချက်အား ဆီလျော်အောင် ဘာသာပြန်သည်။
Next : အိုဇဲလ်မှာ ဘားကမ့်ကဲ့သို့ ပြီးပြည့်စုံသည့်ကစားသမားဟု အာစင်ဝင်းဂါး ချီးကျူး