မန်ယူနှင့်ပွဲတွင် စိတ်အားထက်သန်မှုထုတ်ပြရန် ဟစ်ဒင့်တိုက်တွန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စိတ်အားထက်သန်မှုထုတ်ပြရန်တိုက်တွန်းခဲ့သည့် ဟစ်ဒင့်

ချဲလ်ဆီးအသင်းကို ယာယီနည်းပြအဖြစ်တာဝန်ယူ ဂုစ်ဟစ်ဒင့်က တနင်္လာညတွင်ကစားမည့် မန်ယူနှင့်ပွဲစဉ်တွင် မိမိတို့၏စိတ်အားထက်သန်မှုကို ထုတ်ပြရန်အသင်းသားများကို တိုက်တွန်းခဲ့ကြောင်းသိရသည်။

ချဲလ်ဆီးမှာ နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသာအနိုင်ရထားခဲ့ပြီး မန်ယူမှာလည်း လိဂ်ပွဲ ၃ ပွဲဆက်တိုက်ရှုံးပွဲတွေ့ကြုံထားရပြီး  ၀က်ဖို့ဒ်နှင့် ၂-၂ သရေကျခဲ့သည့်ပွဲမှာ မော်ရင်ညိုနေရာကိုဆက်ခံသည့် နည်းပြဟစ်ဒင့်၏ ပထမဆုံးကိုင်တွယ်သည့်ပွဲစဉ်လည်းဖြစ်သည်။

ဟစ်ဒင့်က “ချဲလ်ဆီးနဲ့မန်ယူတွေ့ဆုံခဲ့တဲ့ပွဲစဉ်တိုင်းက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲကြီးပွဲကောင်းတွေချည်းပါပဲ။  ဒါပေမယ့် အခုပွဲစဉ်ကတော့ အရင်ကထက်ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။

လက်ရှိချန်ပီယံချဲလ်ဆီးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့် ၁၅ သို့ရောက်ရှိနေပြီး အဆင့် ၆ နေရာမှ မန်ယူနှင့် ၁၀ မှတ်အထိကွာဟနေသည်။

ဟစ်ဒင့်က “ကျွန်တော်တို့ ဒီပွဲမှာလည်း ၀က်ဖို့ဒ်နဲ့ပွဲစဉ်တုန်းကလိုပဲ အကောင်းဆုံးစိတ်ဓာတ်ပြသနိုင်ဖို့ မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။

ချဲလ်ဆီးသည်  ပြီးခဲ့သည့် Boxing Day ပွဲစဉ်တွင် ၀က်ဖို့ဒ်ကို နောက်မှလိုက်ကစားခဲ့ရပြီး ကော်စတာ၏ သွင်းဂိုး ၂ ဂိုးဖြင့် သရေ ၁ မှတ်သာ ရယူနိုင်ခဲ့သည်။

စနေနေ့ညက ၀က်ဖို့ဒ်နှင့်ပွဲစဉ်တွင် အ၀ါကတ်အပြသခံခဲ့ရသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ ယခုရာသီ အ၀ါကတ် ၅ ကြိမ်ရှိသွားပြီဖြစ်၍ မန်ယူနှင့်ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်ခွင့်ရတော့မည်မဟုတ်ဘဲ မန်ယူမှာလည်း စတုတ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အရန်အဖြစ်သာ လူစားဝင်ခဲ့သည့် အသင်းခေါင်းဆောင်ရွန်နီ ပြန်လည်ပွဲထွက်လာဖွယ်ရှိနေသည်။

စတုတ်နှင့်ပွဲတွင် ရွန်နီကို ချန်လှပ်ရန်ဆုံးဖြတ်ခဲ့သည့်အပြင် ရှုံးပွဲပါကြုံတွေ့ခဲ့ရသည့်အတွက် မန်ယူနည်းပြ ဗန်ဟားလ်မှာ ဖိအားပိုတိုးလာခဲ့ရပြီး အဆိုပါပွဲစဉ်အပြီးတွင် ထုတ်ပယ်မှုမခံဘဲ ရာထူးမှ နုတ်ထွက်နိုင်ကြောင်း ပြောကြားထားခဲ့သည်။

ချဲလ်ဆီးနှင့်ပွဲစဉ်တွင် ဆက်လက်တာဝန်ယူ မယူမေးမြန်းမှုကို “ခင်ဗျားတို့ စောင့်ကြည့်ကြပါဦး။ အသင်းမှာရှိတဲ့သူအကုန်လုံးရဲ့ထောက်ခံမှုကို ကျွန်တော်ရနေတုန်းပဲ” ဟု ဗန်ဟားလ်ကဖြေကြားထားသည်။

comments

error: Content is protected !!