Globe Soccer Awards မှချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိ
|
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ဒူဘိုင်းရှိ Globe Soccer Awards မှချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့ကြောင်း သိရပြီး
၎င်းနှင့်အတူ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းတွင် တွဲဖက်ကစားနေကြသည့် ဖရန့်လမ်းပတ်နှင့် ပီယာလိုတို့မှာလည်း ကစားသမားဘ၀ဂုဏ်ပြုဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
လာလီဂါထိပ်သီးကလပ် ဘာစီလိုနာသည် ပြီးခဲ့သည့်ရာသီက တစ်ရာသီအတွင်း ဖလား ၅ လုံးဆွတ်ခူးနိုင်ခဲ့ပြီး အသင်း၏သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်ခဲ့ကာ ယင်းအောင်မြင်မှုများကြောင့် တစ်နှစ်တာအကောင်းဆုံးဘောလုံးအသင်းဆုကို ဘာစီလိုနာက ဆွတ်ခူးရရှိခဲ့သလို တစ်နှစ်တာအကောင်းဆုံးဘောလုံးအသင်းဥက္ကဌဆုကိုလည်း အသင်းဥက္ကဌ ဂျိုဆက်မာရီယာဘာတိုမြူက ဆွတ်ခူးနိုင်ခဲ့သည်။
ပြီးခဲ့သည့်ရာသီက ၅၈ ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာအသင်း ဆုဖလား ၃ လုံးဆွတ်ခူးရာတွင် အဓိကကျခဲ့သူ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီမှာ ယခုရာသီတွင် ဒဏ်ရာကြောင့် အချိန်အနည်းငယ်အနားယူခဲ့ရသည်။
“ဒီဆုရတဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ဒီဆုက ကျွန်တော်အမြဲပြောခဲ့သလိုပဲ အသင်းရဲ့ ပံ့ပိုးမှုတွေကြောင့်သာ ရခဲ့တာပါ၊ ဒီနှစ်က ကျွန်တော့်အတွက် အရင့်အရင်နှစ်တွေကထက် ပိုပြီးထူးခြားတဲ့နှစ်တစ်နှစ်ပါပဲ” ဟုမက်ဆီက ပြောကြားခဲ့သည်။
ဘာစီလိုနာသည် Globe Soccer Award ကချီးမြှင့်သည့် ယခုရာသီ မီဒီယာဆွဲဆောင်မှုအရှိဆုံး အသင်းဆုကိုလည်းထမ်မံရရှိခဲ့သည်။ ဘာစီလိုနာမှာ ၂၀၁၅ ခုနှစ်အတွင်း လာလီဂါဆုဖလား၊ ကိုပါဒယ်ရေး၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ဖီဖာကမ္ဘာ့ကလပ်ဖလား စသည့်ဆုဖလားပေါင်း ၅ ခုဆွတ်ခူးထားနိုင်ခဲ့သည့်အသင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရော်နယ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်မှာ တစ်နှစ်တာအကောင်းဆုံးအေးဂျင့်ဆုရရှိခဲ့ပြီး ဘယ်လ်ဂျီယံနည်းပြ မာ့ဝီလ်မော့စ်မှာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့သည်။
Next : သြစတြေးလျနောက်ခံလူကို ရန်ကုန်ယူနိုက်တက် စာချုပ်ဖျက်သိမ်းမည်