နည်းပြနှင့်ဆွေးနွေးပြီးနောက် ပိုမိုအားထုတ်သွားမည်ဟု ဘန်တီကီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုထက်ပိုအားထုတ်သွားမည်ဟုဆိုလိုက်သည့် ဘန်တီကီ

လီဗာပူးတိုက်စစ်မှူး ဘန်တီကီက နည်းပြဖြစ်သူ ယာဂင်ကလော့ပ်နှင့်ဆွေးနွေးပြီးနောက်တွင် အသင်းအတွက် ပိုမိုအားထုတ်သွားမည်ဟု ပြောကြားလိုက်သည်။

အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ဘန်တီကီမှာ ပရီးမီယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေသည့် လက်စတာနှင့်ပွဲတွင် လီဗာပူးအတွက် အနိုင်ဂိုးသွင်းယူပြီး ပြိုင်ဘက်အသင်း၏ ၃ လတာ ရှုံးပွဲမရှိစံချိန်ကို ကျိုးပျက်စေခဲ့သည်။

“ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီဆွေးနွေးမှုက ကျွန်တော်နဲ့အသင်းအတွက် အထောက်အကူဖြစ်မှာပါ။ ကျွန်တော် အခုထက်ပိုကြိုးစားရမယ်။ အသင်းဖော်တွေအတွက် ကျွန်တော်ပိုအားထုတ်ရမယ်”ဟု ဘန်တီက ပြောကြားခဲ့သည်။

ဘန်တီကီသည် ပြီးခဲ့သည့်ဇူလိုင်လက ဗီလာမှပြောင်းရွှေ့လာပြီး နည်းပြရော့ဒ်ဂျာလက်ထက်တွင် ရာသီအစ ၆ ပွဲပါဝင်ကစားခဲ့သော်လည်း ဒဏ်ရာကြောင့် ၁ လအနားယူရပြီးနောက် ပြန်ကစားနိုင်ချိန်တွင် ရော့ဒ်ဂျာထုတ်ပယ်ခံရပြီးနောက် ယာဂင်ကလော့ပ်နည်းပြသစ်ဖြစ်လာခဲ့သည်။

ဘန်တီကီမှာ ကလော့ပ်လက်ထက်တွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်မရသေးဘဲ တစ်နိုင်ငံတည်းသာ အိုရီဂီက ရှေ့တန်းတွင် ပထမလူစာရင်းမှ ပါဝင်ခွင့်ရခဲ့သည်။

“ကျွန်တော်ဘယ်နေရာမှာ ခြေစွမ်းပိုပြနိုင်မလဲ၊ ကျွန်တော့်ဆီက ဘာမျှော်လင့်ထားလဲဆိုတာသိဖို့ နည်းပြနဲ့စကားပြောပြီးပါပြီး။ တစ်ခါတလေကျရင် နည်းပြလိုအပ်တာ၊ လိုချင်တာကို နားလည်ရပါမယ်။ ကျွန်တော်တို့ဆွေးနွေးရတာ တော်တော်အဆင်ပြေပါတယ်။ သူလိုချင်တာကို ကျွန်တော်လုပ်ပေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော့်သွင်းဂိုးကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်ဆက်ကစားသွားမှာပါ”ဟု ဘန်တီကီကဆိုသည်။

လက်ရှိအချိန်တွင် လီဗာပူးတိုက်စစ်မှူးများဖြစ်သည့် ဒန်နီအင့်စ်နှင့် စတာရစ်ခ်ျတို့မှာ ဒဏ်ရာများကြောင့် မကစားနိုင်သေးဘဲ အိုရီဂီမှာလည်း တံကောက်ကြောကဒဏ်ရာကြောင့် ရုန်းကန်နေရသဖြင့် လီဗာပူးတိုက်စစ်တွင် ကြံ့ခိုင်မှုပြည့်ဝသည့်ကစားသမားမှာ ဘန်တီကီတစ်ဦးတည်းသာရှိသည်။

comments

error: Content is protected !!