ဗန်ဟားလ်သတင်းများမှာ မလေးစားမှုဟု ၀င်းဂါးကင်ပွန်းတပ်ပြီး ဂွါဒီယိုလာကိုလည်း ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မီဒီယာများနှင့် ဂွါဒီယိုလာကိုဝေဖန်ခဲ့သည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက မန်ယူနည်းပြဗန်ဟားလ်၏ရာထူးနှင့်ပတ်သက်သည့် သတင်းများမှာ လေးစားမှုမထားသော သတင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဘယ်သူ့ကိုမှ အလုပ်ကနေ ထုတ်ပယ်ခံရတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုယ်ရေးခံစားချက်က ၀မ်းနည်းမိတယ်ဆိုတာပါပဲ”ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

ထို့အပြင်”ကောလာဟလကမ္ဘာထဲ ကျွန်တော်မပါချင်ဘူး။ ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ ဗန်ဟားလ်ကို အရမ်းလေးစားတယ်။ အခုလိုသတင်းတွေ အများကြီးထွက်လာတာက လေးစားမှုမရှိတဲ့သဘောပါပဲ။ သူက ဘောလုံးလောကထဲမှာ နှစ် ၃၀ လောက်ကျင်လည်လာပြီး အကောင်းဆုံးတွေ စွမ်းဆောင်ပြခဲ့တယ်။ မော်ရင်ညိုထွက်ခွာသွားရလို့ အခုလိုသတင်းတွေဖြစ်လာတာပဲ။ ကျွန်တော်ကတော့ အဲဒီကိစ္စကို လေထပ်မပင့်ချင်ဘူး”ဟု ၀င်းဂါးက ဆိုသည်။

ဝင်းဂါးက ဆက်လက်ပြောကြားရာတွင် လက်ရှိအသင်းနည်းပြအဖြစ်မှ ထွက်ခွာတော့မည်ဟု ဒီဇင်ဘာလအတွင်း ကြေညာခဲ့သည့် ဂွါဒီယိုလာ၏လုပ်ရပ်မှာလည်း မှန်ကန်မှုမရှိကြောင်းကို”နည်းပြတွေက သူတို့ဘာလုပ်မလဲဆိုတာ အစောကြီးထုတ်ပြောတာကိုတော့ ကျွန်တော်သဘောမကျဘူး။ သူတို့အသင်းအတွက် ဒါမျိုးကြေညာတာက အကျိုးမှမရှိဘဲ။ ပြီးတော့ လက်ရှိအနေအထားမှာ ခက်ခဲမှုတွေရင်ဆိုင်နေရတဲ့ နည်းပြတွေအတွက်လည်း မကောင်းဘူးလေ။ ဒါပေမဲ့ သူ့ကို အင်္ဂလန်ပရီးမီယားလိဂ်ကိုလာဖို့ ဖိတ်ခေါ်ပါတယ်”ဟု ဆိုသည်။

comments

error: Content is protected !!