ဦးဝင်းဂါးနဲ့ ဂန်းနားအတွက် အခုထက်ပိုကောင်းတဲ့အခွင့်အရေးမရှိပါ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီပရီးမီယားလိဂ်ချန်ပီယံ အမျှော်မှန်းနိုင်ဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသည့် အာဆင်နယ်ကစားသမားများ

အာဆင်နယ်က မန်စီးတီးကို အနိုင်ရပြီးတဲ့နောက်မှာ အမ်းမရိတ်စ်ကွင်းတစ်ဝိုက် အာဆင်နယ်ပရိသတ်တွေ အောင်ပွဲခံခဲ့တာကို ထောက်ရှုလိုက်ရင် ဒီပွဲရလဒ်ရဲ့အရေးပါပုံကို ထင်းထင်းလင်းလင်းသိနိုင်ပါတယ်။

မန်စီးတီးက နောက်ကျချေပဂိုးသွင်းခဲ့ပေမယ့် ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲဟာ အာဆင်နယ်အတွက်တော့ ဒီရာသီမှာ မမျှော်လင့်ဘဲ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လက်စတာစီးတီးနဲ့ ၂ မှတ်သာကွာဟမှုကို ဆက်လက်ထိန်းသိမ်းနိုင်စေခဲ့ပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားခေါင်နေတာကို မချင့်မရဲဖြစ်နေကြတဲ့ အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဒီရလဒ်က ပရီးမီးယားလိဂ်ချန်ပီယံပရိသတ်ဘွဲ့ကို ပြန်ခံယူဖို့ ယုံကြည်မှုတွေဖြစ်လာစေပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်း ဖလားရဖို့ အကောင်းဆုံးအခွင့်အရေးလား
အာဆင်နယ်ဟာ ၃၈ ပွဲရှုံးပွဲမရှိစံချိန်နဲ့ ပွဲတိုင်းကျော်ဘွဲ့ခံယူပြီးကတည်းက နာကျင်မှုတွေကို ကြိတ်မှိတ်ခံစားခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ ဒီဆိုးရွားမှုကြီးကို အဆုံးသတ်နိုင်မယ့် သက်သေအထောက်အထားတွေ တစ်ပုံတစ်ပင်ဖြစ်နေပါပြီ။

အာဆင်နယ်ဟာ ရာသီသိမ်းမှာ ထိပ်ဆုံး ၂ သင်းထဲ ၀င်ခဲ့တာက ၁၀ နှစ်ကြာမြင့်ပြီဖြစ်ပြီး ပွဲစဉ် ၁၇ အပြီးမှာ အခုရာသီလို အဆင့် ၁၊ ၂ နေရာရခဲ့တာကလည်း ၁၀နှစ်အတွင်းမှာ ၂ ကြိမ်သာ ရှိခဲ့ပါတယ်။

၂၀၀၃-၀၄ ရာသီမှာသာ အခုရာသီဝက်ရမှတ် ၃၆ မှတ်ထက် ပိုများခဲ့ဖူးပြီး ၂၀၀၇-၀၈ ရာသီမှာတော့ ရမှတ် ၄၀ ရခဲ့ကာ တတိယနေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

အာဆင်နယ်ရဲ့၁၀နှစ်အတွင်း ရာသီ ၂ ပိုင်းရပ်တည်မှုများ
ဘောလုံးရာသီ    ပွဲစဉ် ၁၇ အပြီးရပ်တည်မှု        ပွဲစဉ် ၁၇ အပြီးရမှတ်    ရာသီကုန်အဆင့်
၂၀၀၄-၀၅        ၃                ၃၅            ၂
၂၀၀၅-၀၆        ၇                ၂၉            ၎
၂၀၀၆-၀၇        ၃                ၂၉            ၎
၂၀၀၇-၀၈        ၁                ၄၀            ၃
၂၀၀၈-၀၉        ၅                ၃၀            ၎
၂၀၀၉-၁၀        ၃                ၃၅            ၃
၂၀၁၀-၁၁        ၃                ၃၂            ၎
၂၀၁၁-၁၂        ၅                ၃၂            ၃
၂၀၁၂-၁၃        ၅                ၂၇            ၎
၂၀၁၃-၁၄        ၂                ၃၆            ၎
၂၀၁၄-၁၅        ၆                ၂၇            ၃
၂၀၁၅-၁၆        ၂                ၃၆            –

ဒီရာသီမှာ လက်စတာက အားလုံးအံ့အားသင့်အောင် ဇယားထိပ်ပိုင်းမှာရပ်တည်နေချိန် အာဆင်နယ်က မန်စီးတီးကိုအနိုင်ရလိုက်တဲ့အတွက် ပရီးမီယားလိဂ်ဖလားအတွက် အနီးကပ်ဆုံးပြိုင်ဘက်က အာဆင်နယ်ဖြစ်တယ်ဆိုတဲ့ အများစုက ယုံကြည်သတ်မှတ်လိုက်ကြပါတယ်။ ဒီနိုင်ပွဲဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးအခြေအနေကို တွန်းပို့ပေးထားပါတယ်။

မန်စီးတီးကတော့ ဒီရာသီမှာ ၅ ပွဲမြောက်အရှုံးအဖြစ် အာဆင်နယ်ကို ဒူးထောက်ခဲ့ရတာဖြစ်ပီး ခရစ္စမတ်မတိုင်ခင် ၅ ပွဲရှုံးတဲ့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ဖူးတဲ့သမိုင်းကြောင်း ရှိမထားပါဘူး။

အာဆင်နယ်ရဲ့ယုံကြည်မှုကို ထပ်ပေါင်းထည့်ပေးလိုက်တာက ဒီပွဲရလဒ်နဲ့ ခြေစွမ်းဖြစ်ပြီး အဲဒီယုံကြည်မှုဟာ အာဆင်နယ်တို့ဖလားခေါင်ခဲ့တဲ့ရာသီတွေမှာ ပျောက်ဆုံးခဲ့တဲ့ မသိကိန်းပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ယုံကြည်မှုမြင့်မားလာတယ်။ ကျွန်တော်တို့အသင်းဖိအားအောက်ရောက်နေချိန်မှာ ဘယ်လောက်တည်ငြိမ်သွားလဲဆိုတာ ဒီပွဲမှာမြင်နိုင်ပါတယ်။ ဒီလိုပွဲကြီးမျိုးမှာ အနိုင်ရလိုက်တာက အောင်မြင်မှုရဖို့ ခွန်အားဖြစ်စေတယ်”လို့ ၀င်းဂါးက ပွဲအပြီးမှာ ဆိုထားပါတယ်။

ဂန်းနားတွေဟာ မနှစ်ကရာသီမှာ အခုလိုအချိန်အနေအထားထက် ၉ မှတ်ပိုရနေပေမယ့် မန်စီးတီး၊ မန်ယူ၊ စပါး၊ အဲဗာတန်နဲ့ လီဗာပူးတို့ကို အဝေးကွင်းပွဲနွှဲရမယ့် ခရီးကြမ်းတွေတော့ ကျန်နေပါသေးတယ်။

ဒါ့အပြင် အစဉ်အလာပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ယူတို့ကို မဆိုသလောက်အသာရနေတာကလည်း အာဆင်နယ်အတွက် ယုံကြည်မှုပိုတိုးစေပြီး ၀င်းဂါးနဲ့သူ့အသင်းသားတွေအတွက် ဒီရာသီဖလားက ရရင်ရ၊ မရရင် နောက်မရတော့ဘူးဆိုတဲ့ပုံစံမျိုး ပေါ်နေပါတယ်။

ယခုရာသီထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်း
ပွဲ    နိုင်    သရေ    ရှုံး    ရဂိုး    ပေးဂိုး    ဂိုးကွာခြားချက်    အမှတ်
အာဆင်နယ်    ၃    ၂      ၀    ၁    ၅      ၃        ၂        ၆
မန်စီးတီး    ၃    ၁      ၁    ၁    ၄      ၂        ၂        ၎
ချဲလ်ဆီး        ၂    ၁      ၀    ၁    ၂      ၃        -၁        ၃
မန်ယူ        ၂    ၀      ၁    ၁    ၀      ၃        -၃        ၁

မန်စီးကတော့ အမ်းမရိတ်စ်ကွင်းခြေစွမ်းအရ ဒီရာသီမှာ ခြေစွမ်းတစ်သမတ်တည်းမရှိဘဲ ပုံမှန်ခြေစွမ်းအောက် မကြာခဏရောက်နေတာကို သက်သေပြနေပါတယ်။

မန်ယူကတော့ ၆ ပွဲဆက်အနိုင်ပျောက်ဆုံးမှုနဲ့အတူ ထိပ်ဆုံး ၄ သင်းအပြင်ကိုရောက်နေပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အတွက် နည်းပြဗန်ဟားလ်လည်း သူ့ရာထူးအတွက် ရုန်းကန်ရမှာတွေကြောင့် ချန်ပီယံလောင်းစာရင်းကနေ အမြန်အဆန်ပဲ လွင့်ပါးသွားပါတယ်။

ချဲလ်ဆီးကတော့ အာဆင်နယ်ရဲ့ရမှတ်ထက် တစ်ဝက်သာရထားပြီး အဆင့် ၁၅ မှာ သောင်တင်နေတဲ့အပြင် ယာယီနည်းပြဟစ်ဒင့်နဲ့အတူ ချန်ပီယံလောင်းစာရင်းထဲ ထည့်လို့တောင်မရတော့ပါဘူး။

အာဆင်နယ်ဟာ အခုအချိန်မှာ မန်စီးတီးထက် ၄ မှတ်၊ မန်ယူထက် ၇ မှတ် အသာရနေပြီး ဒီအခြေအနေကြောင့် အာဆင်နယ်အတွက် အခုလိုကံတရားမျိုးက သူ့ဘာသာသူတော့ နောက်တစ်ခါထပ်မလာနိုင်ဘူးလို့ ဆိုရပါမယ်။

မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးတို့ဟာ အခုလို အားနည်းချက်များတဲ့အနေအထားတွေနဲ့ နောက်ရာသီမှာ အခြေမလှဖြစ်ဦးမလား။

မန်စီးတီးက ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာကိုခေါ်ယူပြီး အကန့်အသတ်မဲ့ဘတ်ဂျက်တွေနဲ့ အသင်းကိုပြောင်းလဲပစ်နိုင်ပါတယ်။

ဖလားကံစပ်တဲ့မော်ရင်ညိုကလည်း အိုးထရက်ဒ်ဖို့ဒ်ကို ပဲ့ကိုင်လာနိုင်ပြီး သူ့ကိုထုတ်ပယ်ခဲ့တာမှားယွင်းကြောင်း ချဲလ်ဆီးကို သက်သေပြနိုင်သလို ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ခ်ျကလည်း ထိပ်တန်းနည်းပြတစ်ဦးကို အပြောင်းအရွှေ့သုံးငွေတွေ ပုံအောပေးပြီး ခန့်အပ်လာနိုင်ပါတယ်။

အဲဒါတွေကို ဆက်စပ်လိုက်ရင်တော့ အာဆင်နယ်အတွက် အခုအချိန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဘွဲ့ခံဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ဒီအခွင့်အရေးကို အပိုင်မဆုပ်ကိုင်နိုင်ရင်တော့ သူတို့ကိုယ်သူတို့ တစ်သက်လုံးခွင့်မလွှတ်နိုင်စရာ ဖြစ်သွားပါလိမ့်မယ်။

ယုံကြည်သင့်တယ် ယုံကြည်ရမယ်
အာဆင်နယ်ရဲ့ယုံကြည်မှုတွေဟာ အဓိကပြိုင်ဘက်တွေ အားနည်းနေတဲ့အချက်ကြောင့် ရလာတဲ့ပုံစံမျိုးမဖြစ်သင့်ပါဘူး။ သူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကနေပဲ မြစ်ဖျားခံလာသင့်ပါတယ်။

ဝင်းဂါးရဲ့အဆက်အစပ်တွေဟာ အခုအချိန်မှာ ပုံပေါ်လာနေပြီဖြစ်ပေမယ့် သူတို့အတွက် အဆိုးဆုံးရန်သူကိုလည်း ကိုယ်တိုင်တိုက်ထုတ်ဖို့တော့ လိုပါတယ်။ အဲဒီရန်သူကတော့ ဖိအားများလာချိန်မှာ အာဆင်နယ်ဟာ ယုံကြည်လို့မရဘူးဆိုတဲ့အတွေးရန်သူပါပဲ။

အဲဒီအကျင့်ကို ထာဝရပြောင်းလဲပစ်နိုင်မလား။

ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေကတော့ တစ်ပုံတစ်ပင်ရှိနေပါတယ်။ မရှိမဖြစ်အရေးပါတဲ့ မျက်နှာသစ်ကစားသမားတစ်ယောက်နဲ့အတူ အမ်းမရိတ်စ်ကွင်းကို ခြေချပြီးနောက်ပိုင်း တိုးတက်မှုရှိလာတဲ့ကစားသမားတွေက အဲဒီရန်သူကို အပြတ်ချေမှုန်းနိုင်ပါတယ်။

နွေရာသီတုန်းက ချဲလ်ဆီးကနေ ပေါင် ၁၀ သန်းနဲ့ရောက်လာတဲ့ ဂိုးသမားပီတာချက်ဟာ အပြောင်းအလဲအတွက်အဓိကကျပြီး မန်စီးတီးနဲ့ပွဲမှာလည်း သူ့ရဲ့အတွေ့အကြုံတွေက အာဆင်နယ်ပေးခဲ့ရသမျှပြောင်းရွှေ့ကြေးတွေနဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီးပါပြီ။

အသက် ၃၃ နှစ်အရွယ် ဒီဂိုးသမားဟာ အာဆင်နယ်နောက်တန်းကို လုံခြုံတဲ့စောင်တစ်ထည်လို လွှမ်းခြုံပေးထားပြီး မန်စီးတီးရသွားနိုင်တဲ့ ၁ မှတ်ကို မပေးလိုက်ရအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ပီတာချက်ရဲ့လွှမ်းမိုးမှုတွေက ကွင်းထဲမှာတင်ရှိတာမဟုတ်ဘဲ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားရခဲ့ဖူးတာတွေကလည်း အဓိကဖလားတွေကိုရဖို့ ဘာလုပ်ရမလဲဆိုတာနဲ့ လာမယ့်လတွေမှာ သူ့အတွေ့အကြုံတွေက တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်လာမယ့်အနေအထားမျိုးကို ပုံဖော်ထားနိုင်သူပါ။

၂၀၁၃ ခုနှစ် စက်တင်ဘာလတုန်းက ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၄ သန်းပေးပြီး ခေါ်ယူခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံကစားသမား အိုဇဲလ်ကလည်း ၀ဲလ်ကော့ဂိုးသွင်းဖို့ ဒီရာသီအတွက် ၁၅ ကြိမ်မြောက် သူ့ရဲ့ဂိုးဖန်တီးမှုနဲ့အတူ အာစင်ဝင်းဂါးပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးက ထိုက်တန်ကြောင်း သက်သေပြထားပါတယ်။

ပရီးမီယားလိဂ်တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားများ
၂၀ – အွန်နရီ(အာဆင်နယ် ၂၀၀၂-၀၃)
၁၈ – ဖာဘရီဂတ်စ်(ချဲလ်ဆီး ၂၀၁၄-၁၅)၊ လမ်းပတ်(ချဲလ်ဆီး ၂၀၀၄-၀၅)
၁၇ – ဖာဘရီဂတ်စ်(အာဆင်နယ် ၂၀၀၇-၀၈)
၁၆ – ကန်တိုနာ(မန်ယူ ၁၉၉၂-၉၃)
၁၅ – အိုဇဲလ်(အာဆင်နယ် ၂၀၁၅-၁၆ လက်ရှိအထိ)၊ ဘက်ခမ်း(မန်ယူ ၁၉၉၉-၀၀)၊ ပီရက်စ်(အာဆင်နယ် ၂၀၀၁-၀၂)၊ ဒေးဗစ်ဆေးလ်ဗား(မန်စီးတီး ၂၀၁၁-၁၂)၊ ဆိုလာနို(နယူးကာဆယ် ၁၉၉၉-၀၀)၊ မက်နာမန်(လီဗာပူး ၁၉၉၅-၉၆)၊ လီတစ်ဆီယာ(ဆောက်သမ်တန် ၁၉၉၅-၉၆)

ဒါ့အပြင် ၀ဲလ်ကော့နဲ့ ဂီရော့ဒ်တို့ကလည်း ဂိုးသွင်းစက်တွေအဖြစ် လောင်စာပြည့်နေပြီဖြစ်ကြောင်း သက်သေပြနေပါတယ်။

ဝဲလ်ကော့ရဲ့သွင်းဂိုးက ဒီရာသီပရီးမီယားလိဂ် ၁၇ ပွဲမှာ ၁၃ ဂိုးမြောက်ဖြစ်ပြီး၊ ဂီရော့ဒ်က အဆင့်မြင့်တိုက်စစ်မှူးဟုတ် မဟုတ်ဆိုတာကတော့ နောက်ဆုံး ၁၄ ပွဲမှာ သူသွင်းခဲ့တဲ့ ၁၂ ဂိုးနဲ့အတူ ဘောလုံးပရိသတ်တွေ ဆက်လက်ပြောကြားဦးမယ့် ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ဆန်းချက်ဇ်လိုကစားသမားကို ကြံ့ခိုင်မှုအပြည့်၊ ပုံမှန်ပွဲကစားနိုင်ခြေတွေနဲ့အတူ ပြန်လည်အသုံးပြုနိုင်ပြီဆိုရင်တော့ ၀င်းဂါးအနေနဲ့ တကယ့်အခွင့်အရေးကနေ ဖလားရုပ်လုံးပေါ်ဖို့ ထုဆစ်နိုင်မှာ သေချာပါတယ်။

ဇန်န၀ါရီမှာ ၀င်းဂါးဘာလုပ်ရမလဲ
နွေရာသီတုန်းက ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးမခေါ်ခဲ့တဲ့အတွက် ၀င်းဂါးကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

ဂိုးရဖို့က ပြဿနာမဟုတ်ပေမယ့် အာဆင်နယ်မှာ ကမ္ဘာ့အဆင့်ကစားသမားတွေနည်းပါးနေတာက ရာသီအဆုံးမှာ ထိပ်ဆုံးနေရာကိုရပ်တည်နိုင်ပါ့မလားဆိုတဲ့ သံသယတွေပွားစေတာတော့ အမှန်ပါပဲ။

အတိတ်သမိုင်းတွေအရ ၀င်းဂါးဟာ ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ဘယ်တုန်းကမှ အလုပ်မများခဲ့ဘဲ သူလိုချင်တဲ့ကစားသမားမျိုးကလည်း တခြားကလပ်တွေနဲ့ ချန်ပီယံလိဂ်ကစားနေတာ ဒါမှမဟုတ် ပရီးမီယားလိဂ်ပြိုင်ဘက်ကလပ်တွေမှာ ရှိနေတာမျိုး ဖြစ်နေတတ်ပါတယ်။

ဇန်န၀ါရီကာလတွင် အာဆင်နယ်ဝယ်ယူခဲ့မှုများ
၂၀၁၅ ဘိုင်လစ်၊ ဂါဘရီရယ်
၂၀၁၄ မရှိ
၂၀၁၃ နာချို
၂၀၁၂ အက်စ်ဖီးလ်
၂၀၁၁ မီရိုင်ချီ၊ ဆေးလ်ဗား
၂၀၁၀ ဆိုးလ်ကမ်းဘဲလ်(အလွတ်ပြောင်းရွှေ့ကြေး)

ဇန်န၀ါရီအပြောင်းအရွှေ့အပြီးမှာ အာဆင်နယ်ကိုခြေစွမ်းတက်စေခဲ့တဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့ ကစားသမားတွေဟာ ရေတိုကစားသမားတွေသာဖြစ်ပြီး အထူးသဖြင့် ပြောင်းရွှေ့ကြေးစိစစ်ပြီးသုံးတယ်လို့ ၀င်းဂါးကိုသာ နာမည်ဆိုးနဲ့ကျော်ကြားစေခဲ့ပါတယ်။

ဝင်းဂါးဟာ သူ့အသင်းကိုအားဖြည့်ဖို့ ဇန်န၀ါရီကာလမှာ အကြီးအကျယ်ဝယ်ယူမှုမရှိခဲ့ဘဲ သူ့နည်းဗျူဟာပြောင်းလဲသွားမလားဆိုတာတော့ အချိန်တန်ရင် မြင်ရပါလိမ့်မယ်။ ခြေစွမ်းထက်မြက်တဲ့ကစားသမားတစ်ဦးကို အရေးပေါ်ခေါ်ယူမလား၊ အာဆင်နယ်ရဲ့အနှိမ်ခံ အပြောင်းအရွှေ့လမ်းကြောင်းကို တွန်းလှန်မယ့် ၀င်းဂါးရဲ့ဖြစ်နိုင်ဖွယ်ဗျူဟာသစ်ကို လက်ခံပြီး သူ့အတွက် အာဆင်နယ်ကိုရောက်လာမယ့် ကမ္ဘာ့အဆင့်ကစားသမားရှိမလားဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ဒီတော့ ၀င်းဂါးအတွက် ဇန်န၀ါရီနဲ့ လက်ကျန်ရာသီမှာ အဓိကလုပ်ရမှာကတော့ ဆန်းချက်ဇ်၊ ၀ဲလ်ဘက်၊ ကာဇိုလာတို့လို ကစားသမားတွေ ဒဏ်ရာပျောက်ကင်းချိန်မှာ အခုလိုမျိုး ဒဏ်ရာတွေထပ်မရဘဲ အကောင်းဆုံးအသင်းသားတွေပိုင်ဆိုင်အောင် လုပ်ဖို့ပါပဲ။

အဲဒီလိုလုပ်နိုင်ခဲ့ရင်၊ ဇန်န၀ါရီမှာ အံ့သြစရာခေါ်ယူမှုလုပ်ခဲ့ရင်တော့ အာဆင်နယ်ရဲ့စောင့်စားမှုက အမှန်တကယ် အဆုံးသတ်သွားနိုင်ပါတယ်။

သေချာတာကတော့ ဦးဝင်းဂါးနဲ့ ဂန်းနားတွေအတွက် အခုထက်ပိုကောင်းတဲ့ အခွင့်အရေးမရှိပါဘူး။

comments

error: Content is protected !!