မန်ယူ၏ ယခုရာသီရလဒ်များကိုလက်ခံ၍ ဗန်ဟားလ်ကို ဆက်ခန့်သင့်ကြောင်း ဖီးလ်နဗီးလ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗန်ဟားလ်ကို ဆက်လက်ခန့်ထားသင့်သည်ဟုဆိုလိုက်သည့် ဖီးနဗီးလ်

နောဝစ်ခ်ျကို ရှုံးနိမ့်ပြီးနောက် နည်းပြရာထူးအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည့် ဗန်ဟားလ်နှင့်ပတ်သက်ပြီး မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ်က မန်ယူအနေဖြင့် ဖာဂူဆန်ခေတ်ကုန်ဆုံးသွားခြင်းနှင့် လက်ရှိအနေအထားကို လက်ခံနိုင်ရမည်ဖြစ်ပြီး ဗန်ဟားလ်ကို နည်းပြအဖြစ် ဆက်လက်ခန့်ထားသင့်ကြောင်း ပြောကြားလိုက်သည်။

ဖီးလ်နဗီးလ်က”လက်ရှိအချိန်ဟာ ဖာဂူဆန်ခေတ် မဟုတ်တော့ပါဘူး။  ဖာဂူဆန်ခေတ်က ကုန်လွန်သွားပါပြီ။ အခုအချိန်က ဗန်ဟားရဲ့ခေတ်ဖြစ်ပြီး မန်ယူအနေနဲ့ လက်ရှိအနေအထားနဲ့ အရှိတရားကို လက်ခံရပါမယ်။ နည်းပြအပြောင်းအလဲ ခဏခဏလုပ်နေတာဟာ အဖြေမှန်မဟုတ်ပါဘူး” ဟု ဘီဘီစီ သို့ပြောကြားခဲ့သည်။

နောဝစ်ခ်ျကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အသင်းကစားပုံနှင့်ပတ်သက်၍ ထောက်ခံသူအချို့ကပင် ဗန်ဟားကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး  အဆိုပါရှုံးပွဲကြောင့် ၁၉၉၈ ခုနှစ်နောက်ပိုင်း မန်ယူ၏ ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုလည်းဖြစ်ခဲ့သည်။

ဖီးလ်နဗီးလ်ကမူ မန်ယူအသင်းအနေဖြင့် လူးဝစ်ဗန်ဟားလ်၏ အနာဂတ်ကို ရာသီကုန်အထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်လိမ့်မည်ဟု ယုံကြည်ကြောင်းကို “လက်ရှိမှာ ကလပ်အများစုက ၄ ပွဲ ၅ ပွဲလောက် ရလဒ်တွေဆက်တိုက်ဆိုးရွားတာနဲ့ နည်းပြအပြောင်းအလဲလုပ်ဖို့ပဲ စိတ်ရောက်နေကြပါတယ်။ တကယ်တော့ ဒါက အဖြေမဟုတ်ပါဘူး။ ဗန်ဟားလ်ဟာ ဥရောပအသင်းကြီးတွေကို ဆုဖလားတွေရအောင် စွမ်းဆောင်ပေးထားတဲ့ ထိပ်တန်းနည်းပြတစ်ဦးပါ။ ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးဖို့ မန်ယူကတောင်းဆိုခဲ့တဲ့အတိုင်း သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့မှာ အတွေ့အကြုံလည်းရှိပြီးသားမို့ မန်ယူကို ကောင်းကောင်းထိန်းကျောင်းနိုင်လိမ့်မယ်။ မန်ယူဘက်က ဗန်ဟားလ်အပေါ် ယုံကြည်မှုထားသင့်ပါတယ်။ အသင်းပရိသတ်တွေအနေနဲ့လည်း နည်းပြအပြောင်းအလဲလုပ်ပေးဖို့တောင်းဆိုတာတွေကို စိတ်ထဲက ထုတ်ထားဖို့လိုပါတယ်”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဖီးလ်နဗီးလ်မှာ လက်ရှိတွင် အစ်ကိုဖြစ်သူဂယ်ရီနဗီးလ်ကိုင်တွယ်နေသည့် စပိန်လာလီဂါကလပ် ဗလင်စီယာတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည်။

comments

error: Content is protected !!