အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိရန် ကြိုးပမ်းနေဟု ဒေးဗစ်ဆေးလ်ဗားဆို
|
ဒဏ်ရာမှပြန်လည်သက်သာလာသော မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိရန် ကြိုးပမ်းနေရသည်ဟု ဝန်ခံခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလက စပိန်အသင်းအတွက်ကစားခဲ့သည့် နိုင်ငံတကာပွဲစဉ်တစ်ခု၌ တစ်ဖက်ကစားသမား၏ ပြင်းထန်စွာဖျက်ထုတ်မှုတစ်ခုကြောင့် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သည့် ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီး၏ ယခုရာသီပွဲစဉ် ၉ ပွဲလွဲချော်ခဲ့ရသည်။
ပရီးမီယားလိဂ်ပွဲစဉ် ၁၄ အဖြစ် ဆောက်သမ်တန်နှင့်ကစားခဲ့သောပွဲစဉ်၌ လူစားဝင်ကစားသမားအဖြစ် ပြန်လည်ကစားနိုင်ခဲ့သော ဒေးဗစ်ဆေးလ်ဗားသည် ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပွဲစဉ် ၄ ပွဲသာကစားနိုင်ပြီး မိနစ် ၉၀ ပွဲချိန်ပြည့် ၁ ပွဲသာကစားနိုင်ခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားက “အရင်ကတည်းက ကျွန်တော်မှာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာ နည်းနည်းရှိပေမယ့် ဒီအတိုင်းဆက်ကစားနေခဲ့တာပါ။ နောက်တော့ ကံဆိုးပြီး ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတစ်ခုကြောင့် အနားယူခဲ့ရပါတယ်။ အခုတော့ ကျွန်တော်ပြန်ကစားနိုင်ပါပြီ။ အရင်ခြေစွမ်းမျိုးရအောင် ကြိုးစားနေရပေမယ့် မကြာခင်မှာ အကောင်းဆုံးခြေစွမ်းပြန်ရမယ်လို့မျှော်လင့်မိပါတယ်” ဟုပြောကြားခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားသည် ၂၀၁၀ ခုနှစ်က မန်စီးတီးသို့ စပိန်ကလပ် ဗလင်စီယာမှ ပြောင်းရွှေ့ခဲ့ပြီး မန်စီးတီးနောက်ခံလူ ကွန်ပနီ၊ တိုက်စစ်မှူး အဂူရိုတို့နည်းတူ မန်စီးတီးအတွက် အဓိကအရေးပါသည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ ကယ်ပီတယ်ဝမ်းဖလားတို့ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းနှင့် နောက်ထပ် စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိသေးကြောင်းသိရသည်။
Next : ရိုးမားနည်းပြဂါစီယာနေရာအစားထိုးရန် ဘီရဲဆား တစ်ပြေးနေ