အသင်းဖော်ဟောင်းများအနက် ဘားကမ့်ကို အကောင်းဆုံးကစားသမားအဖြစ် အွန်နရီရွေးချယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂၀၀၀ခုနှစ်က အတူတွေ့ရသည့် အွန်နရီနှင့် ဘားကမ့်

ယခင်အာဆင်နယ်နှင့် ဘာစီလိုနာတိုက်စစ်မှူးဟောင်း အွန်နရီက ၎င်း၏ကစားသမားဘ တစ်လျှောက် အသင်းကစားဖော်များအနက် ဘားကမ့်သည်အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုနယ်သာလန်လက်ရွေးစင်ဟောင်း၏ လေ့ကျင့်ရေးကွင်း၌ စိတ်ဓာတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကိုလည်း ချီးကျူးခဲ့သည်။

Sky Sports အွန်လိုင်းအမေးအဖြေကဏ္ဍတွင် အွန်နရီအားတစ်သင်းတည်း အတူတကွကစားခဲ့ဖူးသည့် ဘောလုံးသမားများအနက် အကောင်းဆုံးကစားသမားတစ်ဦးအားရွေးချယ်စေခဲ့ရာ အွန်နရီက “ဒန်းနစ်ဘားကမ့်ပါ။ ကျွန်တော်ဟာ ဘားကမ့်နဲ့ အချိန်ကြာဆုံးတွဲကစားဖူးသလို၊ ၇နှစ်လောက် နေ့တိုင်းလေ့ကျင့်ရေးကွင်းမှာတွေ့ခဲ့ရတဲ့ သူ့ရဲ့လေ့ကျင့်တဲ့ပုံစံဟာ တကယ်အံ့အားသင့်ဖွယ်ပါ။ ပြီးတော့ ဘားကမ့်ဟာ ပွဲတစ်ပွဲကိုလိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ပါတယ်။ တစ်ကိုယ်တော်အစွမ်းနဲ့ လှပတဲ့ဂိုးတွေသွင်းယူနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်သလို သူကိုယ်တိုင်သွင်းယူနိုင်တဲ့အနေအထားတစ်ခုမှာ ခင်ဗျားကဂိုးသွင်းဖို့ပိုမိုကောင်းမွန်တဲ့နေရာကိုရောက်ရှိနေမယ်ဆိုရင် ဘောလုံးကိုခင်ဗျားဆီ အမြဲပို့ပေးတတ်တဲ့ကစားသမားမျိုးပါ။ လေ့ကျင့်ရေးကွင်းမှာဆိုရင်လည်း အရမ်းကြိုးစားပါတယ်။ သူ့ဆီကဘောလုံးကို လုံးဝအဆုံးရှုံးခံချင်သူမျိုးမဟုတ်ပါဘူး။ အကယ်၍ ဘားကမ့်ဆီကနေ ခင်ဗျားဘောလုံးလုလို့ရသွားတာနဲ့ ခင်ဗျားကို သူဖိအားလိုက်ပေးတော့မှာ သေချာပါတယ်။ အပြေးလေ့ကျင့်ခန်းတွေမှာဆိုရင်လည်း သူဟာ အားလုံးရဲ့ရှေ့ရောက်အောင် အမြဲခွန်အားစိုက်ထုတ်တတ်ပါတယ်။ ပွဲစဉ်တိုင်းကိုလည်း အမြဲအလေးအနက်အထားယှဉ်ပြိုင်တတ်တာကြောင့် ကျွန်တော်သူ့ကိုပိုလေးစားခဲ့ပါတယ်။ ကျွန်တော်နဲ့တွဲကစားဖူးတဲ့ တကယ့်ပါရမီရှင် တခြားကစားသမားတွေအကြောင်းကိုလည်း ပြောပြချင်ပါတယ်။ သူတို့ကို ကျွန်တော်မရွေးချယ်ချင်တာက ဒီကစားသမားတွေဟာ လူသားအစစ်ဟုတ်ရဲ့လားလို့ အမေးခံရအောင် ကစားနိုင်သူတွေ ဖြစ်လို့ပါပဲ။ ဥပမာပြောရရင် မက်ဆီပေါ့။ သူဘယ်လောက်ထိ ထူးချွန်သလဲဆိုတာ ခင်ဗျားတို့နားလည်မှာမဟုတ်ပါဘူး။ နောက်ပြီး  မက်ဆီ၊ ဇီဒန်း၊ ဒင်ဟို၊ အင်နီယက်စတာ စတဲ့ကစားသမားတွေဟာလည်း လူသားတစ်ယောက်ရဲ့အရည်အချင်းကို ကျော်လွန်ပြီးလုပ်ပြနိုင်တဲ့ ကစားသမားတွေပါ။ သူတို့ဘယ်လိုလေ့ကျင့်သလဲ ဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာ ကျွန်တော့်လိုသိမယ်ဆိုရင် သူတို့ကိုခင်ဗျားက ပုံမှန်လူလို့တောင် သတ်မှတ်ကြတော့မှာမဟုတ်ပါဘူး ” ဟု ဖြေခဲ့သည်။

မက်ဆီ၊ ဇီဒန်း၊ ရော်နယ်ဒင်ဟို၊ အင်နီယက်စတာစသည့်ကမ္ဘာ့အကောင်းဆုံးကစားသမားများနှင့် တစ်သင်းတည်းကစားခဲ့ဖူးသည့် အွန်နရီသည် အင်္ဂလန်၊ စပိန် နှင့် ပြင်သစ်အမှတ်ပေးချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားလည်းရရှိခဲ့ဖူးသည့် ကစားသမားတစ်ဦးဖြစ်သည်။

comments

error: Content is protected !!