ပွဲထွက်ကစားခွင့် ၁ ရာခိုင်နှုန်းသာရှိဟု ဗန်ဟားလ်ပြောခဲ့ကြောင်း ဟာနန်ဒက်ဇ်ဖွင့်ဟ
|
ပရီးမီးယားလိဂ်၌ တိုက်စစ်ပြဿနာကြုံတွေ့နေရသော မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ဟာနန်ဒက်ဇ်က ဗန်ဟားလ်သည် မိမိအား ပွဲကစားခွင့်ပေးရန် ဆန္ဒမရှိခဲ့ကြောင်း စပိန်တီဗီအစီအစဉ်တစ်ခု၌ ထုတ်ဖော်ပြောဆိုခဲ့သည်။
မန်ယူမှထွက်ခွာခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဟာနန်ဒက်ဇ်က “ကျွန်တော်က အိုးထရက်ဖို့ဒ်ကနေထွက်ခွာဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမဲ့ မန်ယူမှာ လုံလောက်တဲ့ပွဲထွက်ခွင့်လိုချင်ပါတယ်။ ဗန်ဟားလ်က အသင်းမှာ တိုက်စစ်မှူးတွေအလုံအလောက်ရှိနေပြီမို့ ကျွန်တော်မန်ယူမှာဆက်နေမယ်ဆိုရင် ပွဲထွက်ခွင့်ခက်ခဲမှာဖြစ်ပြီး အခွင့်အရေးတစ်ခုခုရရင် အသင်းပြောင်းရွှေ့သင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။ မန်ယူဘုတ်အဖွဲ့က ကျွန်တော့်ကို ရီးရဲလ်မက်ဒရစ်မှာ အငှားသွားကစားနိုင်မလားလို့မေးတော့ ခက်ခက်ခဲခဲစဉ်းစားစရာမလိုခဲ့ပါဘူး။ ကျွန်တော်ရီးရဲလ်ကို ပြောင်းခဲ့ပါတယ်။ မန်ယူကိုပြန်ရောက်တဲ့အခါမှာ ကျွန်တော့်အတွက်အခွင့်အရေးရှိလောက်ပြီ လို့ထင်ခဲ့ပေမယ့် တစ်ရက် ဗန်ဟားလ်နဲ့စကားပြောကြည့်တဲ့အခါမှာ ကျွန်တော့်အတွက် ပွဲကစားခွင့်က ၁ ရာခိုင်နှုန်းသာရှိကြောင်းပြောခဲ့လို့ အိုးထရက်ဖို့ဒ်မှာဆက်နေဖို့ မဖြစ်နိုင်မှန်းသိခဲ့တာကြောင့် ကျွန်တော့်အရည်အချင်းတွေထုတ်ပြနိုင်မယ့်လေဗာကူဆင်ကို ပြောင်းဖြစ်ခဲ့ပါတယ်” ဟုရှင်းပြခဲ့သည်။
ဟာနန်ဒက်ဇ်သည် ယမန်နှစ်ရာသီက ရီးရဲလ်မက်ဒရစ်သို့ အငှားပြောင်းရွှေ့ခဲ့ပြီး မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်ဘက်သို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ရီးရဲလ်နည်းပြဟောင်း အန်စလော့တီလက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရသည်။
မန်ယူကစားသမားဘဝ၌ ၁၀၃ ပွဲကစား ၃၇ ဂိုးသွင်းယူနိုင်ခဲ့သည့် ဟာနန်ဒက်ဇ်သည် လေဗာကူဆင် သို့ ပေါင် ၇.၃ သန်းဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က မိုချန်ဂလာဘတ်နှင့်ပွဲစဉ်၌ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ဘွန်ဒက်စ်လီဂါဂိုးသွင်းအများဆုံးစာရင်းတွင် ထိပ်ဆုံးမှ အူဘာမီယန်နှင့် ၈ ဂိုးကွာ သွင်းဂိုး ၁၀ ဂိုးဖြင့် အဆင့် ၄ နေရာ၌ရပ်တည်လျက်ရှိသည်။
Next : မော်ရင်ညိုထွက်ခွာမည်ဟု မထင်ကြောင်း ချဲလ်ဆီးကစားသမားဟောင်း နယ်ဗင် ဆို