လစာနှင့်ထိုက်တန်သည့်ခြေစွမ်းများ ပြသကြရန် အသင်းဖော်များကို ဖာဘရီဂတ်စ်သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းဖော်များကို သတိပေးခဲ့သည့် ဖာဘရီဂတ်စ်

မော်ရင်ညိုက ချဲလ်ဆီးကစားသမားများမှာ မိမိ၏ကြိုးပမ်းမှုကို သစ္စာဖောက်သကဲ့သို့ ခံစားနေရသည်ဟုဝေဖန်ခဲ့ပြီးနောက် ချဲလ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကလည်း ချဲလ်ဆီးအသင်းသားများအနေဖြင့် မြင့်မားသည့်လစာနှင့်ထိုက်တန်သည့် အဆင့်အတန်းရှိကစားသမားများအဖြစ် စတင်ပြောင်းလဲသင့်ပြီဟု သတိပေးပြောကြားခဲ့ကြောင်းသိရသည်။

ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးသည် ယခုရာသီပရီးမီးယားလိဂ်တွင် ၉ ပွဲရှုံးနိမ့်ခဲ့ပြီး လက်စတာအားရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပြီး၌ တန်းဆင်းဇုန်နှင့် ၁ မှတ်ကွာ အဆင့် ၁၆ သို့ရောက်ရှိခဲ့ရာ ချဲလ်ဆီးအတွက် အဆိုးဆုံးအခြေအနေ ဖြစ်လာခဲ့သည်။

ဖာဘရီဂတ်စ်က “တကယ်လို့ ခင်ဗျားက ထိပ်တန်းကစားသမားတစ်ဦးဖြစ်မယ်ဆိုရင်၊ ထိပ်တန်းလစာမျိုးလည်းရနေမယ်ဆိုရင် ခင်ဗျားအနေနဲ့ ထိပ်တန်းဘောလုံးသမားတစ်ယောက်ရဲ့ခြေစွမ်းမျိုး၊ ထိပ်တန်းဘောလုံးသမားတစ်ယောက်ရဲ့ အပြုအမူမျိုးရှိဖို့လိုအပ်ပါတယ်။ ဆိုးရွားတဲ့ရာသီတွေ၊ ပွဲရလဒ်တွေ မရှိအောင်စွမ်းဆောင်နိုင်ရမယ်လို့ ကျွန်တော်မဆိုလိုဘူး၊ ဒါပေမဲ့ ဒီလိုဆိုးရွားတဲ့အခြေအနေမျိုးမှာ ကိုယ့်အရည်အသွေးကို ကောင်းမွန်အောင်ထိန်းထားနိုင်ရပါမယ်။နောက်လာမယ့် ပွဲတိုင်းကို ကျွန်တော်တို့ရဲ့အမြင့်မားဆုံးစွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်ဖို့လိုအပ်ပါတယ်၊ ချဲလ်ဆီးကစားသမားတစ်ဦးချင်းစီရဲ့ အပြုအမူ၊ အကျင့်စရိုက်တွေ အခုထက်ပိုမိုကောင်းမွန်အောင် ပြောင်းလဲဖို့အရေးကြီးနေပါပြီ” ဟု ပြောခဲ့သည်။

ချဲလ်ဆီးသည် ပွဲစဉ် ၁၆ ပြီးဆုံးပြီးနောက် ၁၅ မှတ်သာရရှိထားရာ ကျန်ရှိသည့်ပွဲစဉ်များ၌နိုင်ပွဲများရရှိအောင် မဖြစ်မနေရုန်းကန်ရတော့မည်ဖြစ်ပြီး အချက်အလက်များအရ ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲစဉ် ၁၆ ပြီးဆုံးချိန်၌ ၁၅ မှတ်သာ ရရှိသောအသင်းသည် အများအားဖြင့် ရာသီကုန်ဆုံးသည့်အခါ တန်းဆင်းဇုန်အထက် အဆင့် ၁၇ ၌ အဆုံးသတ်ရလေ့ရှိသည်။

comments

error: Content is protected !!