ချန်ပီယံဖြစ်လုနီး အနေအထားကို ကြုံခဲ့ဖူးတဲ့ နောဝစ်ခ်ျတိုက်စစ်မှူးဟောင်းဆပ်တန်ရဲ့ လက်စတာအတွက် စကားများ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebleci
ချဲလ်ဆီးအားအနိုင်ယူပြီးနောက် နည်းပြကလော်ဒီယိုရေနီယာရီ အောင်ပွဲခံနေစဉ်။

လက်စတာတိုက်စစ်မှူး ဂျိမ်းစ်ဗာဒီအကြောင်းကတော့ ဇာတ်ကားရိုက်ဖို့အထိတောင် ပြောနေဆိုနေကြပေမယ့် လက်စတာစီးတီးရဲ့ ထက်မြက်လှတဲ့ ဒီရာသီခြေစွမ်းကလည်း ငွေရောင်ပိတ်ကားပေါ် တင်သင့်နေပြီလို့ မြင်မိပါတယ်။

ခြေစွမ်းမှန်ရနေတဲ့ မြေခွေးတွေဟာ တန်းဆင်းရနိုင်ခြေ ရေပန်းအစားဆုံးစာရင်းကနေ လအနည်းငယ်အတွင်းမှာပဲ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာပေမယ့် သူတို့ရဲ့ ဒဏ္ဍာရီဆန်လှတဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီကတော့ ဟောလီးဝုဒ်ဇာတ်ကားတွေလို ဇာတ်သိမ်းမျိုးဖြစ်လာပါ့မလား။

မှတ်တမ်းတွေအရတော့ မဖြစ်နိုင်ပါဘူး။ ချန်ပီယံလောင်းစာရင်းအသွင်းမခံရတဲ့ စည်းအပြင်က အသင်းတစ်သင်းက ပရီးမီးယားလိဂ်မှာ ချန်ပီယံလောင်းစာရင်းထဲ ပါဝင်ခဲ့တာက ၁၉၉၂-၉၃ ပထမဆုံးပရီးမီယားလိဂ်ရာသီကပါ။ နောဝစ်ခ်ျစီးတီးဟာ အဲဒီအချိန်က ဘယ်သူမှမထင်မှတ်ထားတဲ့ကာလထက်ပိုပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပေမယ့် ဧပြီလနှောင်းပိုင်းမှာတော့ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

ဒီတော့ ကလော်ဒီယိုရေနီယာရီရဲ့အသင်းကရော စာဝါငှက်တွေလို သမိုင်းတစ်ကျော့ပြန်မလား၊ သူတို့ရဲ့မှတ်တမ်းဆိုးကို ချေဖျက်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

1992-93 ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောဝစ်ခ်ျအသင်းအားရာသီဝက်ဦးဆောင်နိုင်ရန် နည်းပြပေးသည့် မိုက်ခ်ဝေါ်လ်ကာ၊ဆပ်တန်နှင့် ရိုဘင်စ်တို့အားတွေ့ရစဉ်။

အဲဒီကာလတုန်းက ဆယ်ကျော်သက်အရွယ် ဗဟိုခံစစ်မှူးအဖြစ်ကနေ နောဝစ်ခ်ျရဲ့တိုက်စစ်မှူးဖြစ်ခဲ့တဲ့ ခရစ္စဆပ်တန်က ဘီဘီစီကို ချန်ပီယံလောင်းစာရင်း အသွင်းမခံရတာ ဘယ်လိုခံစားရကြောင်း၊ လက်စတာက ဘာဆက်လုပ်ဖို့လိုကြောင်းနဲ့ ဘာတွေမှားသွားနိုင်လဲဆိုတာ ပြောပြခဲ့ပါတယ်။

ဒီဇင်ဘာမှာ ထိပ်ဆုံးရောက်ခဲ့တယ် – အဲဒီအနေအထားကို ခံစားချက် မပြင်းခဲ့ကြဘူး
လက်စတာဟာ လက်ရှိချန်ပီယံချဲလ်ဆီးကို မနေ့ညက အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်ယူခဲ့တယ်။ ပွဲစဉ် ၁၆ ပြီးတဲ့အထိ အမှတ်ပေးဇယားကို ဦးဆောင်တဲ့အသင်းတွေဟာ ပရီးမီယားလိဂ်သမိုင်းမှာ ရာသီသိမ်းရင် အဆင့် ၄ အောက်ရောက်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ ၂၃ ရာသီထဲက ၁၈ ရာသီမှာ အခုလိုအချိန်မှာ ဦးဆောင်နေတဲ့အသင်းက အဆင့် ၂ ဒါမှမဟုတ် ချန်ပီယံအဖြစ် ရာသီသိမ်းအောင်ပွဲခံခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ကြတာက ၁၃ ရာသီရှိပါတယ်။
ss

ဆပ်တန်က”ဒီဇင်ဘာလဆန်းမှာ ကျွန်တော်တို့အသင်းက ၈ မှတ်ဖြတ်ထားခဲ့ပေမယ့် ချန်ပီယံဖြစ်ဖို့ လုံးဝမတွေးခဲ့ကြပါဘူး။ အပြင်မှာတော့ တွေးကြ ပြောကြတာတွေရှိပေမယ့် ကစားသမားတွေကတော့ ပြင်းပြတဲ့ဆန္ဒမရှိခဲ့ကြပါဘူး။ ပြန်တွေးကြည့်လိုက်တော့ အဲဒီအနေအထားက အရမ်းကို အကျိုးရှိတယ်။ လက်စတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ ပြောနေကြတာတွေကလည်း အဲဒီလိုပဲ။ နည်းပြရော ကစားသမားတွေကပါ ဖလားယူဖို့စိတ်ကူးရှိလားမေးလိုက်ရင် ပရီးမီယားလိဂ်မှာ ဆက်ကစားခွင့်ရဖို့ အမှတ်လုံလောက်ရင် တော်ပါပြီလို့ပဲ ဖြေကြတယ်။ ကျွန်တော်တို့တုန်းကလည်း အဲဒီလိုပဲ။ အဲဒီရာသီမတိုင်ခင်က အဆင့် ၁၈ နဲ့ ရာသီသိမ်းခဲ့တယ်။ တန်းဆင်းသွားတဲ့ ထိပ်ဆုံးအသင်းထက် ၃ မှတ်ပဲ ပိုများတယ်။ အဲဒီတော့ နိုဝင်ဘာလမှာ အမှတ် ၃၀ ရနေတော့ တွေးမိတာပေါ့။ ကောင်းတယ် ငါတို့ တန်းမဆင်းရတော့ဘူး ဆိုပြီးလေ”

ဖိအားမရှိဘူး- ရှုံးလည်း အရေးမကြီးဘူး
၁၉၉၂ အောက်တိုဘာလမှာ နောဝစ်ခ်ျဟာ ဘလက်ဘန်းကို ၇-၁၊ လီဗာပူးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ပရီးမီယားလိဂ် ပွဲစဉ် ၁၈ အပြီးမှာ နောက်ထပ် ၁ ပွဲပဲ ရှုံးနိမ့်ခဲ့ပါတယ်။ လက်စတာကတော့ ဒီရာသီမှာ အောက်တိုဘာ ၃ ရက်နေ့က အာဆင်နယ်ကို အိမ်ကွင်းမှာ ၅-၂ နဲ့ အရေးနိမ့်ထားတဲ့ ၁ ပွဲပွဲရှိပြီး အဲဒီနောက်ပိုင်း ၉ ပွဲမှာ ၇ ပွဲအနိုင်ရခဲ့တယ်။

2266

လက်စတာအားအမှတ်ပေးဦးဆောင်သူနေရာပြန်ပို့ပေးစေနိုင်ခဲ့သည့် မာရက်ဇ်၏ ချဲလ်ဆီးဘက်သို့ သွင်းဂိုး။

ဆပ်တန်က”လက်စတာလိုပဲ ကျွန်တော်တို့အသင်းကလည်း အံ့သြဖွယ်ရာသီအစနဲ့အတူ ယုံကြည်ချက်အပြည့်နဲ့ တိုက်စစ်အားကောင်းတဲ့ အသင်းဖြစ်ခဲ့တယ်။ နောက်ထပ်တူညီတာတစ်ခုက ကျွန်တော်တို့တွေက လုံးဝလက်မလျှော့ကြဘူး။ အဖွင့်ပွဲမှာ အာဆင်နယ်ကို ၂ ဂိုးပြတ် ရှုံးနေရာကနေ ၄-၂ နဲ့အနိုင်ရအောင် ကစားခဲ့ပြီး ယုံကြည်မှုအမြဲရှိခဲ့ကြတယ်။ တစ်ပွဲပြီးတစ်ပွဲ စိုးရိမ်စိတ်မရှိဘဲ ကစားခဲ့ကြတယ်။ သူတို့ကလည်း အခုအချိန်မှာ အဲဒီအတိုင်းပါပဲ။ အသင်းတိုင်းမှာ အနှောင့်အယှက်လေးတွေရှိပေမယ့် ကျွန်တော်တို့ကတော့ ဂိုးပြတ်ရှုံးပွဲကြုံတာ ဒါမှမဟုတ် ခရစ္စမတ်ကာလမှာ ပွဲအများကြီးကစားပြီး ပွဲပန်းတာတွေရဲ့ ရိုက်ခတ်မှုမခံခဲ့ရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို အမှတ်ပေးဇယားရဲ့အဲဒီနေရာမှာ ရှိနေမယ်ဆိုတာ ဘယ်သူကမှ မမျှော်လင့်ခဲ့ဘူးလေ။ ဘာဖိအားမှ မရှိဘူး။ ပထမရာသီဝက်မှာ အမှတ်ပေးဇယားအနေအထားနဲ့ပတ်သက်ပြီး အများကြီးမစဉ်းစားခဲ့ပါဘူး”

ဧပြီအထိ ထိပ်ဆုံးမှာပဲ- “တကယ်လို့” ဆိုတာကို စတွေးခဲ့တယ်
နောဝစ်ခ်ျဟာ ၁၉၉၂-၉၃ ဘောလုံးရာသီ ရက်ပေါင်း ၂၇၀ မှာ ၁၂၉ ရက်အထိ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပြီး မန်ယူက ၆၉ ရက်၊ ဗီလာက ၃၂ ရက် ဦးဆောင်ခဲ့တယ်။ စာဝါငှက်တွေဟာ ဧပြီ ၃ ရက်နေ့မှာ နောက်ဆုံးဦးဆောင်ခဲ့ပြီး ဧပြီ ၅ ရက်မှာ မန်ယူကို အနိုင်ရခဲ့ရင် ထိပ်ဆုံးပြန်ရောက်မှာဖြစ်သလို တကယ်ချန်ပီယံဖြစ်သွားတဲ့မန်ယူထက် ၅ မှတ်အသာ၊ ဗီလာထက် ၁ မှတ်အသာ အနေအထားကို ရောက်သွားမှာပါ။

ဆပ်တန်က”ထိပ်ဆုံးမှာနေရတာ ပိုကြာလာလေလေ၊ ပိုနားလည်လာလေလေ၊ ပိုခက်လေလေပါပဲ။ မတ်လအထိ ကျွန်တော်တို့ဖြတ်သန်းခဲ့တယ်။ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့အတွေးဝင်လာတာပဲ။ ကျွန်တော်တို့ တကယ်လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို ရုတ်တရက်စတွေးမိလာကြတယ်။ နောဝစ်ခ်ျမြို့ထဲ ဘယ်နေရာသွားသွား လူတွေက ချန်ပီယံဖြစ်နိုင်လားလို့ မေးကြတယ်။ ကျွန်တော်တို့လည်း ငါတို့ဘာလို့ ချန်ပီယံလောင်းစာရင်းထဲ ပါနေသေးတာလဲလို့ တွေးမိလာတယ်။ ငါတို့ ချန်ပီယံဖြစ်နိုင်လားဆိုတဲ့ အတွေးတွေ စ၀င်လာတယ်။ အဲဒါက ကျွန်တော်တို့အားလုံးအတွက်တော့ ဖိအားအသစ်ပဲ။ နည်းပြမိုက်ဝေါ်လ်ကာရော ကစားသမားတွေပါ အဲဒီလိုအချိန်ကြီးမှာ ဂနာမငြိမ်ကြတော့ဘူး။ အီစတာပွဲတော်မတိုင်ခင်မှာ ချန်ပီယံစာရင်းထဲက အသင်း ၂ သင်းနဲ့ ဆုံရတယ်။ ဗီလာကို နိုင်ခဲ့ပေမယ့် ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ အဲဒီပွဲကိုသာ နိုင်လိုက်ရင် ကျွန်တော်တို့ ချန်ပီယံဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ မန်ယူကို တကယ့်အခြေအနေမှာ ပွဲသိမ်းတိုက်ကွက်သုံးပြီး ကန်ထုတ်လိုက်သလို ဖြစ်သွားမှာလေ။ ဒါပေမဲ့ တကယ်တမ်းမှာ ကျွန်တော်တို့ပဲ အလဲလဲအပြိုပြိုဖြစ်သွားပြီး နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲပဲ နိုင်ခဲ့တယ်”

နောဝစ်ခ်ျမှာ ဘာလိုအပ်ခဲ့လဲ-နာမည်ကြီးနည်းနည်း
လက်စတာကစားသမားတွေထဲမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်ဆိုတဲ့ ထိပ်တန်းအမှတ်ပေးလိဂ်တွေမှာ ချန်ပီယံဆုရဖူးသူဆိုလို့ ချဲလ်ဆီးကစားသမားဟောင်း ရောဘတ်ဟုသ် တစ်ယောက်ပဲရှိပါတယ်။ နည်းပြရေနီယာရီဟာလည်း ထိပ်တန်းအမှတ်ပေးလိဂ်ချန်ပီယံနည်းပြဘွဲ့ကို ၂၉ နှစ်သက်တမ်းရှိတဲ့ နည်းပြဘ၀တစ်လျှောက် တစ်ခါမှ မရခဲ့ဖူးဘဲ အီတလီကလပ်တွေနဲ့ ထိပ်ဆုံး ၄ သင်းစာရင်းဝင်တာ၊ ၂၀၀၄ မှာ ချဲလ်ဆီးနဲ့ ဒုတိယရတာ၊ ၂၀၁၄ မှာ မိုနာကိုနဲ့ ဒုတိယရတာတွေပဲ ရှိထားပါတယ်။

1373223_WIDE_FULLSCREEN

ချဲလ်ဆီးနှင့်ပွဲမတိုင်ခင် လက်စတာအသင်းအားပေးသူ ကလေးငယ်တစ်ဦးအားတွေ့ရစဉ်။

ဆပ်တန်က”နောဝစ်ခ်ျမှာ အတွေ့အကြုံ အရည်အချင်းမြင့်တဲ့သူ မပါခဲ့ဘူး။ ဒါပေမဲ့ အဲဒီတုန်းက ချန်ပီယံဖြစ်ဖို့ ဘယ်လောက်နီးစပ်နေပြီလဲဆိုတာ မပြောဖြစ်ခဲ့ပါဘူး။ အဓိက ကတော့ ဖြစ်နေတဲ့အနေအထားကိုမှ ကျွန်တော်တို့ မယုံကြည်ခဲ့တာ။ ၁၉၉၅ ခုနှစ်မှာ ဘလက်ဘန်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့တော့ အသင်းမှာ တစ်ရာသီလုံး နာမည်ကြီးတွေ ရှိခဲ့တယ်။ ကျွန်တော်က ၁၉၉၄ နွေရာသီမှာ အဲဒီအသင်းကိုရောက်ခဲ့တာ။ အဲဒီမတိုင်ခင်ရာသီမှာ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တော့ ပွဲစဉ် ၁ စကတည်းက ဘလက်ဘန်းရဲ့ရည်မှန်းချက်က အဆင့် ၁ ဖြစ်ရေးပဲဆိုတော့ မျှော်လင့်ချက်တွေ၊ ဖိအားတွေက အများကြီးကွာတယ်။ ဒါပေမဲ့ အဲဒီအနေအထားကို ကိုင်တွယ်ဖို့ကလည်း အတွေ့အကြုံအများကြီးရှိထားတယ်။ ဒုတိယရဖူးတဲ့အသင်းသားတွေရှိတယ်။ လီဗာပူးနဲ့ ဖလားတွေရခဲ့တဲ့ နည်းပြဒေါက်ဂလစ်ရှ်ရှိတယ်လေ။ အသင်းသားတွေထဲမှာလည်း အလန်ရှီးယားရားနဲ့ တင်ဖောင်လာတို့လို နာမည်ကြီးတွေရှိခဲ့တယ်။ အဲဒါတောင် ဖလားရဖို့ အခွင့်အရေးကို ကျွန်တော်တို့ လက်လွှတ်ရမလို ဖြစ်ခဲ့သေးတယ်”

လက်စတာလုပ်နိုင်မလား- အခုထက်ပိုကောင်းတဲ့ အခွင့်အရေး မရှိပါဘူး
၁၉၉၂ ခုနှစ်မှာ ပရီးမီယားလိဂ်ပြိုင်ပွဲမစတင်ခင် ၁၁ ရာသီမှာ အင်္ဂလန်အဆင့်မြင့်တန်းရဲ့ ထိပ်ဆုံး ၃ သင်းနေရာမှာ ရပ်တည်ခဲ့တဲ့အသင်း ၁၃ သင်းရှိခဲ့တယ်။ ပရီးမီယားလိဂ်စတင်ပြီး ၁၁ ရာသီမှာတော့ ထိပ်ဆုံး ၃ သင်းစာရင်းဝင်ခဲ့တဲ့အသင်း ၁၀ သင်းရှိခဲ့တယ်။ ၂၀၀၃ ခုနှစ်ကစပြီး ထိပ်ဆုံး ၃ သင်းစာရင်းဝင်တာက အာဆင်နယ်၊ လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီးနဲ့ မန်ယူတို့ ၅ သင်းပဲ ရှိခဲ့ပါတယ်။

ဆပ်တန်က”နောဝစ်ခ်ျက ဖလားရဖို့အတွက် ရာသီဝက်မှာ ကစားသမားအသစ်မခေါ်ခဲ့ဘဲ ကစားသမားတွေသာ ရောင်းထုတ်တဲ့အသင်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ လက်စတာကတော့ မတူညီတာတွေ လုပ်နိုင်တယ်။ ဒီတစ်ပတ်ထဲမှာ ဆာအဲလက်စ်ဖာဂူဆန် အကြံပေးခဲ့သလို ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ငွေသုံးလိုက်စေချင်တယ်။ အဲဒါဆိုရင် သူတို့ဘာလုပ်နိုင်မလဲဆိုတာက အရမ်းစိတ်ဝင်စားဖို့ ကောင်းလာလိမ့်မယ်။ သူတို့အနေအထားက လမ်းထွင်ထားပြီးသားဖြစ်နေတယ်။ ဒီလိုအခွင့်အရေးမျိုးက ခဏခဏမရတတ်ဘူး။ သူတို့အတွက် ကစားသမားသစ် ၇ ယောက် ၈ ယောက်မလိုပါဘူး။ ဗာဒီ ဒါမှမဟုတ် မာရက်ဇ်ဒဏ်ရာရသွားရင် လိုရမည်ရသုံးဖို့ ၀ယ်ထားရမှာ။ ဘီးပြုတ်ထွက်သွားနိုင်တဲ့အနေအထားကို ပြင်ဆင်ထားလိုက်ပေါ့။ အခုမှ ဘောလုံးရာသီက အစောကြီးရှိသေးတယ်။ အသင်းကြီးတွေထဲက တစ်သင်းက လိုက်ဖိအားပေးပြီး ဖလားယူသွားနိုင်တယ်။ ဒါပေမဲ့ လက်စတာက ပရီးမီယားလိဂ်ချန်ပီယံမဖြစ်လည်း ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့က သူတို့အတွက် ယုတ္တိကျတဲ့ ရည်မှန်းချက်ဖြစ်နေပါပြီ။ အဲဒီတော့ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတဲ့ ပြောင်မြောက်တဲ့အခွင့်အရေး ရလာမယ်။ ကျွန်တော်တို့တုန်းကလည်း ယူအီးအက်ဖ်အေဖလားဝင်ခွင့်ရပြီး နောက်ရာသီမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့တဲ့ နောဝစ်ခ်ျဆိုပြီး နာမည်ကျော်ခဲ့တာပဲ”

comments

error: Content is protected !!