ရန်ကုန်ယူနိုက်တက်နှင့်ယှဉ်ပြိုင်ရမည့်နေရာကို ဆူဖန်ဘူရီအစား ချောင်ဘူရီအက်ဖ်စီရရှိ
|
အာရှချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့် အေအက်ဖ်စီကလပ်လိုင်စင်မရှိသည့် ဆူဖန်ဘူရီအသင်းအစား ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည့် ချောင်ဘူရီအက်ဖ်စီ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရှိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ)သည် ချောင်ဘူရီအက်ဖ်စီအား ၂၀၁၆ အာရှချန်ပီယံလိဂ်ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး တရားဝင်အကြောင်းကြားထားကာ ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၄ နေရာရခဲ့သည့် ချောင်ဘူရီမှာ အာရှချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ ထိုင်းပရီးမီးယားလိဂ်မှ ဘူရီရမ်၊ မောင်သောင်တို့နှင့်အတူ အာရှချန်ပီယံလိဂ်တွင်ပါဝင်လာမည့် တတိယမြောက် ထိုင်းအသင်းဖြစ်လာသည်။
“ထိုင်းပရီးမီးယားလိဂ်ရဲ့ အာရှချန်ပီယံလိဂ်ဝင်ခွင့် တတိယနေရာကို ကျွန်တော်တို့ရရှိတယ်လို့ အေအက်ဖ်စီက အကြောင်းကြားခဲ့ပါတယ်။
ဆူဖန်ဘူရီက ကလပ်လိုင်စင်ပြဿနာရှိနေတဲ့အတွက် ချောင်ဘူရီအက်ဖ်စီကို ပြိုင်ပွဲဝင်ခွင့်ပေးခဲ့တာလို့ တရားဝင်အထောက်အထားတွေနဲ့ အကြောင်းကြားခဲ့တာပါ”ဟု ချောင်ဘူရီအက်ဖ်စီ ဈေးကွက်ဒါရိုက်တာက ပြောကြားခဲ့သည်။
ဆူဖန်ဘူရီမှာ ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၃ နေရာရခဲ့သော်လည်း အေအက်ဖ်စီကလပ်လိုင်စင်ရရှိရန် အချိန်မီမလုပ်ဆောင်နိုင်ခဲ့၍ အေအက်ဖ်စီပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လာမည့်၂၀၁၆ဖေဖော်ဝါရီ၂ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ချောင်ဘူရီအသင်း၏အိမ်ကွင်းတွင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။
Next : လာမည့်နှစ် ဖေဖော်ဝါရီလအထိ ၀ဲလ်ဘတ်အနားယူရဦးမည်