အင်္ဂလန်အသင်းအခက်တွေ့နိုင်သည့် ယူရို၂၀၁၆ပြိုင်ပွဲ အုပ်စုမဲခွဲပွဲပြီးစီး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
csm_87629-GettyImages-501103828_05f7432a80
ယူရို၂၀၁၆မဲခွဲပွဲအခမ်းအနားတွင် မဲခွဲပြီးစီးမှုအခြေအနေကိုပြသနေစဉ်။

ပြင်သစ်နိုင်ငံ၌ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များရွေးချယ်ပြီးစီးခဲ့ရာ အုပ်စု (ခ)၌ အင်္ဂလန်သည် ဝေးလ်နှင့် ရုရှား၊စလိုဗက်ကီးယားတို့နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ရာ အုပ်စုမှ လွတ်မြောက်နိုင်ရန် အခက်တွေ့နိုင်သည်။

အုပ်စု(ခ)၌ ယှဉ်ပြိုင်ရမည့်အခြား ၂ သင်းမှာ ရုရှားနှင့် စလိုဗက်ကီးယားတို့ဖြစ်ပြီး ယူရိုပြိုင်ပွဲတွင်ပထမဆုံးအကြိမ်စတင်ယှဉ်ပြိုင်မည့် မြောက်အိုင်ယာလန်သည် အုပ်စု (ဂ)တွင်ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ၊ ပိုလန်၊ ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု(င)တွင် အိုင်ယာလန်သည် ကမ္ဘာ့အဆင့်အသင်းကြီးများဖြစ်သည့် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဆွီဒင်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခုကျင်းပမည့် ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ဥရောပနိုင်ငံအသင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီးအကောင်းဆုံးတတိယနေရာရရှိသည့် အသင်း ၄ သင်းအပါအဝင် အုပ်စု ၆ ခုမှ ဇယားထိပ်ဆုံး ၂ သင်းစီ ၁၆ သင်းရှုံးထွက်အဆင့်သို့တက်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာအုပ်စုအဆင့်တွင် ၈ သင်းသာ ကျန်ခဲ့မည်ဖြစ်သည်။

ဝေးလ်အသင်းအတွက် ယခု ယူရိုပြိုင်ပွဲမှာ ၅၈ နှစ်အတွင်းပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဝေးလ်နည်းပြကိုးမန်းက ဗြိတိန်တိုက်ပွဲအဖြစ်မီဒီယာများ၏ပုံဖော်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်နိုင်လျှင်အင်္ဂလန်အသင်းကိုရှောင်ရှားလိုကြောင်းဝန်ခံခဲ့သည်။

အင်္ဂလန်နှင့်ဝေးလ်ပွဲစဉ်အပေါ်အမြင်များ

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်။ ။ “ကောင်းပါတယ်။ ကျွန်တော်တို့ဟာ ဗြိတိန်အသင်း တစ်သင်းမဟုတ်တစ်သင်းနှင့်တွေ့ဖို့ မျှော်လင့်ပြီးသားပါ။ ဝေးလ်အသင်းဟာ စုစည်းမှုကောင်းပြီး စိတ်ဓာတ်ပြင်းထန်တဲ့အသင်းတစ်သင်းပါ”

ဝေးလ်နည်းပြ ကိုးမန်း။ ။” အင်း၊ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ ဖြစ်နိုင်ရင်တော့ အင်္ဂလန်အသင်းနဲ့မတွေ့ဆုံလိုပါဘူး။ ခုတော့လည်း သူတို့နဲ့ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားရတော့မှာပါ။ ကျွန်တော်တို့ဟာ ဒီယူရိုပြိုင်ပွဲမှာပါဝင်ဖို့ထိုက်တန်တဲ့ခြေစွမ်းပြခဲ့ပြီးပါပြီ။ ဒီပြိုင်ပွဲဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ပြိုင်ပွဲတစ်ခုဖြစ်မယ်လို့ထင်ပါတယ်”

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယား။ ။”အခုယူရိုပြိုင်ပွဲမှာအင်္ဂလန်အသင်းဟာ ပထမဆုံးအကြိမ် ကြယ်ပွင့်ကစားသမားတွေမပါဘဲ ယှဉ်ပြိုင်ရမှာပါ။ ကစားသမားအများစုဟာ အသက်ငယ်ရွယ်ပေမယ့်
ကျွန်တော်တို့မှာ ကာဟေးလ်၊ ဘာကလေ၊ စတုန်း တို့လို့ကစားသမားတွေရှိသလို ဂျိုးဟတ်လိုဂိုးသမားမျိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်ရဲ့အုပ်စုအနေအထားကလည်း ကျေနပ်စရာပါ။အခုယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေဟာခက်ခဲမှာဖြစ်ပေမယ့်ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့မျှော်လင့်မိပြီး အုပ်စုအဆင့်မှာတင်ပြီးသွားမယ်ဆိုရင်တော့အရမ်းစိတ်ပျက်ဖို့ကောင်းမှာပါ”

2016 ယူရိုအုပ်စုမဲခွဲမှုအခြေအနေ

အုပ်စု (က)။ ။ ပြင်သစ်၊ ရိုမေးနီးယား၊ အဲလ်ဘေးနီးယား၊ ဆွစ်ဇာလန်

အုပ်စု (ခ)။ ။ အင်္ဂလန်၊ ရုရှား၊ ဝေးလ်၊ စလိုဗက်ကီးယား

အုပ်စု (ဂ)။ ။ ဂျာမနီ၊ ယူကရိန်း၊ ပိုလန်၊ မြောက်အိုင်ယာလန်

အုပ်စု (ဃ)။ ။ စပိန်၊ ချက်၊ တူရကီ၊ ခရိုအေးရှား

အုပ်စု (င)။ ။ ဘယ်လ်ဂျီယံ၊ အီတလီ၊ အိုင်ယာလန်၊ ဆွီဒင်

အုပ်စု (စ)။ ။ ပေါ်တူဂီ၊ အိုက်စလန်၊ သြစတြီးယား၊ ဟန်ဂေရီ

comments

error: Content is protected !!