နွေရာသီမှာ အပြောင်းအရွှေ့သတင်းတွေနဲ့ လှုပ်ခတ်ခဲ့ပေမယ့် မန်ယူရဲ့နံပါတ် ၁ ဖြစ်နေဆဲ ဒီဂီယာနဲ့ ခဏတာ
|
ရာသီအစမှာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့အဆင်မပြေဖြစ်ခဲ့ပြီး မန်ယူမှာပဲ ဆက်ရှိနေခဲ့တဲ့ ဒီဂီယာဟာ မန်ယူပရိသတ်တွေက သူ့ အပေါ်မေတ္တာမပျက် နွေးထွေးစွာကြိုဆိုခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း နောက်ဆုံးထုတ် Inside United မဂ္ဂဇင်းအင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
ဒီဂီယာဟာရာသီအစ ပွဲစဉ် ၆ ပွဲမှာ ပွဲထွက်ကစားခွင့်မရရှိခဲ့ဘဲ အပြောင်းအရွှေ့နောက်ဆုံးရက်အထိ ရီးရဲလ်နဲ့ မန်ယူတို့ညှိနှိုင်းရင်း အချိန်လွန်သွားတာကြောင့် မန်ယူမှာဆက်ရှိနေခဲ့ပြီး လီဗာပူးနဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရောက်မှ နံပါတ် ၁ ဂိုးသမားအဖြစ် ပြန်လည်ပွဲထွက်ခွင့်ရခဲ့တာပါ။
မန်ယူအသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဒီဂီယာဟာ အပြောင်းအရွှေ့သတင်းလှုပ်ခတ်နေစဉ်ကာလအတွင်းမှာလည်း အရန်ခုံမှာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး၊ လီဗာပူးကို ၃-၁ နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ သူရဲနီပရိသတ်တွေရဲ့တစ်ခဲနက်ထောက်ခံကြိုဆိုမှု ပြန်လည်ရရှိခဲ့ပါတယ်။
Inside United နဲ့အင်တာဗျူးမှာ ဒီဂီယာဟာ အသင်းမှာ ပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲ့ လီဗာပူးပွဲအကြောင်းနဲ့ ပရိသတ်တွေရဲ့အားပေးထောက်ခံမှုတွေကို အခုလိုဖြေကြားခဲ့ပါတယ်။
“မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတွေက ကျွန်တော့်အတွက် တကယ့်ကို အံ့အားသင့်ဖွယ်ပါပဲ။ လီဗာပူးကို အိမ်ကွင်းမှာအနိုင်ရရှိခဲ့တာကလည်း အရမ်းကိုကျေနပ်ဖို့ကောင်းပါတယ်။ အဲဒီနေ့က ကျွန်တော်အိုးထရက်ဖို့ဒ်ကွင်းထဲ ပြန်ဝင်တဲ့အချိန်မှာကြားလိုက်ရတဲ့ မန်ယူပရိသတ်တွေရဲ့ထောက်ခံအားပေးမှုတွေကို ဘယ်လိုမှမေ့နိုင်မှာမဟုတ်သလို ပြောမပြတတ်လောက်အောင် ကျေနပ်ပီတိဖြစ်မိပါတယ်။ ကျွန်တော်အိုးထရက်ဖို့ဒ်ကို ပထမဆုံးရောက်တဲ့နေ့ကနေ ခုအချိန်ထိထောက်ခံအားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်”
နွေရာသီအပြောင်းအရွှေ့လှုပ်ခတ်မှုအပြီး မန်ယူအတွက် ပြန်ကစားရတဲ့ စိတ်ခံစားမှုအကြောင်းကို မေးတဲ့အခါမှာလည်း ဒီဂီယာက…
“အင်း… အဲဒီအချိန်တုန်းက မန်ယူအတွက် အမြန်ဆုံးပြန်ကစားခွင့်ရရှိဖို့က အဓိကအကျဆုံးပါ။ လီဗာပူးနဲ့ပွဲမှာ မန်ယူအသင်းအတွက် ပြန်ကစားရတာက တကယ့်ကို ပြီးပြည့်စုံတဲ့နေ့တစ်နေ့ပါပဲ” လိုဖြေကြားခဲ့ပါတယ်။
လီဗာပူးနဲ့ပွဲတုန်းက နောက်ဆုံးအနိုင်ဂိုးကိုသွင်းယူခဲပြီး အခုအချိန်အထိ ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲမှာ ၀ုဖ်ဘတ်ဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ အသက် ၂၀ အရွယ် ပြင်သစ်လူငယ်တိုက်စစ်မှူး အန်တိုနီမာရှယ်ရဲ့အရည်အချင်းကို သဘောကျနှစ်သက်ကြောင်းနဲ့ အခုထက် ပိုမိုကောင်းမွန်လာမယ့် ကစားသမားတစ်ဦးအဖြစ် မျှော်လင့်ထားကြောင်းကိုလည်း အခုလိုပြောခဲ့ပါတယ်။
“သူဟာအားလုံးကို ဆွံ့အသွားစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ မာရှယ်က အရမ်းကောင်းမွန်တဲ့ကစားသမားတစ်ဦးပါ ။ ပရီးမီးယားလိဂ်ကို အသက်ငယ်ငယ်နဲ့ရောက်လာပေမယ့် မန်ယူနဲ့မြန်မြန်အသားကျပြီး ထူးချွန်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့တယ်။ သူဟာ စကားသိပ်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေလေ့ရှိပါတယ်။ အရမ်းတည်ငြိမ်တဲ့ လူငယ်တစ်ယောက်ပါ။ ကျွန်တော်ပြောခဲ့ဖူးသလို သူ့အတွက် တိုးတက်ဖို့အချိန်တွေ အများကြီးရှိနေသေးတာမို့ မာရှယ်က ဒီထက်ပိုကောင်းလာဦးမှာပါ”
Next : ဘိုင်ယန်မြူးနစ်တောင်ပံလူ ရီဘာရီ ဒဏ်ရာထပ်ရ