ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်တို့ပါဝင်သည့် အေအက်ဖ်စီဖလား ၂၀၁၆ အုပ်စုမဲခွဲပွဲ ပြီးစီး
|
အာရှဘောလုံးအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် အေအက်ဖ်စီဖလားနှင့် အာရှချန်ပီယံလိဂ်ဖလားပွဲစဉ်များအတွက် အုပ်စုမဲခွဲပွဲကို ယနေ့မွန်းလွဲပိုင်းက မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကလပ်များဖြစ်သည့် ရန်ကုန်ယူနိုက်တက် သို့မဟုတ် ရတနာပုံအက်ဖ်စီတို့မှာ အုပ်စု (ဆ)တွင် အိန္ဒိယကလပ် မိုဟန်ဘဂန်၊ ဟောင်ကောင်ကလပ် တောင်တရုတ်၊ မော်လ်ဒိုက်ကလပ် မာဇီယာတို့နှင့်အတူ ကျရောက်ခဲ့သည်။
ထို့အတူ ဧရာဝတီယူနိုက်တက်မှာလည်း အုပ်စု (ဇ) တွင် မလေးရှားကလပ် ဂျိုဟိုး ဒါရူးတာဇမ် (သို့) ပါဟမ်းအက်ဖ်အေ၊ အိန္ဒိယကလပ် ဂျေအက်စ်ဒဗလျူဘန်ဂါလူရူ၊ လာအိုကလပ် လာအိုတိုယိုတာတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
ယခုအခမ်းအနားမတိုင်မီ ယမန်နေ့က ကျင်းပခဲ့သည့် အာရှဘောလုံးအဖွဲ့ချုပ်အလုပ်ရုံဆွေးနွေးပွဲ ၂၀၁၆ တွင် ထုတ်ပြန်ချက်အရ ယခုနှစ် အေအက်ဖ်စီဖလားပွဲစဉ်နှင့် အာရှချန်ပီယံလိဂ်ပွဲစဉ်များတွင် ဆုကြေးများ တိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရှိရသည်။
အေအက်ဖ်စီဖလားပြိုင်ပွဲတွင် ချန်ပီယံအသင်းမှာ ယခင်ဆုကြေးထက် ဒေါ်လာ ၆သိန်းခွဲ ပိုမိုကာ ဒေါ်လာ ၁ သန်းရရှိမည်ဖြစ်ပြီး ဒုတိယရအသင်းမှာ ယခုနှစ်ဆုကြေးထက် ဒေါ်လာ ၂ သိန်းခွဲ ပိုမိုကာ ဆုကြေးဒေါ်လာ ၅ သိန်း ရရှိမည်ဖြစ်သည်။
ယခင်က ဆုကြေးမရရှိခဲ့သည့် အကြိုဗိုလ်လုပွဲ၊ ကွာတားဖိုင်နယ်နှင့် ၁၆ သင်း ရှုံးထွက်အဆင့်ရောက်အသင်းများမှာလည်း တစ်သင်းလျှင် အကြိုဗိုလ်လုပွဲအတွက် ဒေါ်လာ ၄ သောင်း၊ ကွာတားဖိုင်နယ်အတွက် ဒေါ်လာ ၂ သောင်းခွဲ၊ ရှုံးထွက်အဆင့်အတွက် ဒေါ်လာ ၁ သောင်းခွဲစီ ဆုကြေးရရှိကြမည်ဖြစ်၍ စုစုပေါင်းဆုကြေးငွေမှာ ဒေါ်လာ ၂.၁ သန်းရှိမည်ဖြစ်သည်။
ထို့အတူ အာရှချန်ပီယံလိဂ်တွင် ဗိုလ်စွဲသည့်အသင်းမှာ ယခင်ဆုကြေးထက် ဒေါ်လာ ၁.၅ သန်းပိုမိုကာ ဒေါ်လာ ၃ သန်းချီးမြှင့်ခံရမည်ဖြစ်ပြီး ဒုတိယရအသင်းမှာ ယခင်ထက် ဒေါ်လာ ၂ သောင်းခွဲပိုမို၍ ဒေါ်လာ ၁ သန်းရရှိမည်ဖြစ်သည်။
အကြိုဗိုလ်လုပွဲရောက်အသင်းများမှာ ယခင်ထက် ဒေါ်လာ ၈ သောင်းတိုးမြင့်ကာ ဒေါ်လာ ၂ သိန်း ရရှိမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ရောက်အသင်းများအနေဖြင့် ဒေါ်လာ ၄ သောင်းတိုးမြှင့်ပြီး ဒေါ်လာ ၁၂၀၀၀၀ ခံစားခွင့်ရရှိမည်ဖြစ်သည်။
၁၆ သင်းရှုံးထွက်အဆင့်ရောက်အသင်းများမှာ ယခင်ထက် ဒေါ်လာ ၃ သောင်းပိုမိုကာ ဆုကြေးဒေါ်လာ ၈ သောင်း ရရှိသွားမည်ဟုသိရပြီး စုစုပေါင်းဆုကြေးငွေမှာ ဒေါ်လာ ၇ သန်း ၄ သောင်းရှိမည်ဖြစ်သည်။
Next : ရတနာပုံကစားသမားဟောင်း ဒွေးကိုကိုချစ်အပါအဝင် ကစားသမား ၃ ဦးကို ရခိုင်ယူနိုက်တက် စာချုပ်ခေါ်ယူ