ကိုပါဒယ်လ်ရေးပြိုင်ပွဲမှ ရီးရဲလ်ထုတ်ပယ်ခံရ
|
ကိုပါဒယ်လ်ရေးပွဲစဉ်တစ်ခုတွင် ထည့်သွင်းကစားခွင့်မရှိသော ကစားသမားအား အသုံးပြုခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ်အား စပိန်ဘောလုံးအဖွဲ့ချုပ်က ထိုပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲ စတုတ္ထအဆင့် ပထမအကျော့အဖြစ် ကာဒစ်ဇ်နှင့်ကစားခဲ့သည့်ပွဲတွင် ရီးရဲလ်သည် ထည့်သွင်းကစားခွင့်မရှိသည့် ဒန်းနစ်ချရေးရှက်ဗ်ကို ပွဲထွက်အသုံးပြုခဲ့သည့်အပြင် ထိုကစားသမားက အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။
သို့သော် ၎င်းကစားသမားမှာ ပြီးခဲ့သည့်ရာသီက ဗီလာရီးရဲလ်တွင် အငှားကစားခဲ့စဉ် အ၀ါကတ် ၃ ကြိမ် ပြသခံခဲ့ရသဖြင့် ကိုပါဒယ်လ်ရေးပွဲပယ်ပြစ်ဒဏ် ၁ ပွဲ ကျခံရမည့်သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် ရီးရဲလ်ကို ပြိုင်ပွဲမှထုတ်ပယ်ရန် စပိန်ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့သည့်အပြင် ဒဏ်ငွေ ၆၅၂၀ ဒေါ်လာ ချမှတ်ခဲ့သည်။
ထိုပြစ်ဒဏ်နှင့်ပတ်သက်ပြီး ရီးရဲလ်ဘက်မှ ၁၀ ရက်အတွင်း အယူခံခွင့်ရှိပြီး ရီးရဲလ်က ကြေညာချက်ထုတ်ပြန်ရာတွင် ချရေးရှက်ဗ်အား ပွဲပယ်ပြစ်ဒဏ်ချထားကြောင်းကို စပိန်ဘောလုံးအဖွဲ့ချုပ်၊ ဗီလာရီးရဲလ်အသင်းတို့က ရီးရဲလ်နှင့် ကာယကံရှင်ကစားသမားကို ပြောကြားထားခြင်းမရှိသည့်အတွက် သိရှိခြင်းမရှိခဲ့ကြောင်း ပါရှိပြီး ရီးရဲလ်ဘက်မှ မည်သို့တုံ့ပြန်မည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
Next : ကစားသမားများ ညဘက်အပြင်ထွက်ခဲ့ခြင်းမှာ ပြဿနာမရှိဟု မော်ရင်ညိုဆို