စွဲလမ်းခြင်းရဲ့ပြတ်ရွေ့တောင်တန်းကြီးတွေမြင်တဲ့အခါ …

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
1
တစ်ခေတ်တခါက ပရီးမီးယားလိဂ်တွင် သြဇာချယ်လှယ်နိုင်ခဲ့ကြသည့် နည်းပြကြီးဖာဂူဆန်နှင့် နည်းပြကြီးအာစင်ဝင်းဂါး။

Nကြယ်မင်း။
ကျွန်တော်တို့သည် စွဲလမ်းရခြင်းကိုချစ်ခင်ကြလေသည်။ တစ်ခုခုကိုတော့စွဲနေရမှ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ဖတ်ရှုလေ့လာခဲ့သည်များ၊ အဲ့ဒီကနေပဲ ဘာကိုစွဲရမလဲရွေးကြရလေသည်။ကောင်းသောအစွဲဖြစ်ဖို့ တာဝန်ရှိသူများနှင့်မိမိကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း အဲ့ဒါကသိပ်မသေချာ၊ တစ်ချို့က မကောင်းမှုကိုစွဲသည်၊ သူတို့သွေးကိုယ်က အဲ့ဒါကိုတောင့်တနေ တတ်ကြတာ။

အပျော်အပါး၊ ခိုးဆိုးလုယက်၊ ကာမပြခန်းများ၊ တစ်ချို့ကတော့လည်း အနုပညာကိုစွဲချင်စွဲမှာပေါ့၊ ဝတ္ထုတွေဖတ်မည်၊ အချစ်ကဗျာတွေစပ်မည်၊ ပြီးတော့ ဂီတ။ လမ်းထိပ်အုပ်ခုံပေါ်က ဂစ်တာဝိုင်းလေးများ။ သေချာတာတစ်ခုကတော့ မိန်းမသားတစ်ယောက်ကိုစွဲရခြင်းပေါ့၊ သူ့ပါးပြင်က သနပ်ခါးလေးတွေဘယ်အချိန်တွင်စတင်ပျက်ပြယ်မလဲ စောင့်ကြည့်မှတ်သားချင်နေခဲ့ဖူးလိမ့်မည်။ ဆောင်းမနက်ခင်းများတွင် သူမရယ်လိုက်တိုင်းထွက်ပေါ်လာတတ်သော အဖြူရောင်အငွ့လေးများကိုငေးကြည့်ရင်း ငါ့အသက်ကိုဘယ်လိုပေး လိုက်ရမလဲတောင်တွေးချင်တွေးနိုင်သေးသည်။ လမ်းအတူလျှောက်ရင်း တစ်ခုခုကိုသဘောကျသွားတိုင်း
လာတိုက်တတ်သော သူမပခုံးသားအိအိလေးပေါ်မှာ အနာဂတ်ကိုတင်ထားလိုက် ချင်သည်။ စွဲမိပါပေါ့ခင်ရယ်…။ ကျွန်တော်ကိုယ်တိုင်ကရော..၊ တစ်ယောက်တည်းနေရခြင်းကိုခုံမင်ခဲ့ပြီး တစ်ချိန်တည်းမှာ ဘာကိုမဆိုဆွေးနွေးပြောဆိုနိုင်သောမိတ်ဆွေတစ်ဦး ကိုစွဲခဲ့ပါသည်။

ဒီလိုပဲပေါ့၊ ဘောလုံးပွဲတွေကြည့်တတ်လာတော့လည်း အသင်းတစ်သင်းကိုစွဲဖို့အဆင်သင့်ဖြစ်သွားတတ်ကြပြန်သည်။
ကျွန်တော် ဘောလုံးပွဲတွေကြည့်တတ်ကာ စလောက်က ဘရာဇီးအစွဲမှာညွှတ်နေကြသူတွေချည်းလိုလို၊ လူတိုင်းက ရိုမာရီယိုအကြောင်းကိုပြောဆိုနေကြသည်။
ဘရာဇီးဘုန်းတော်ဘွဲ့များကို တစ်ထောင့်တစ်ညမရပ်မနားပြော နိုင်သူများပင်ရှိမလားမသိ။ တစ်ချို့က အာဂျင်တီးနားမှာဝင်ရပ်ကြသည်။ မာရာဒိုနာကိုမှမသိတော့လည်း မောင်ရင်တို့အာဂျင်တီးနားကို ဘယ်ကြိုက်တတ်ပါ့မလဲလေဟုပင် ခပ်ကြောကြော ပြောတတ်ကြသေးသည်။ စနေနေ့နေ့လည်ပိုင်းများတွင်MRTVမှထုတ်လွှင့်ပြသသော (၅၅၅ စီးကရက်က စပွန်ဆာပေးခဲ့တာဖြစ်မည်)ပရီးမီးယားလိဂ်Highlightများကိုကြည့်တတ်နေသူများကတော့ အင်္ဂလန်မှအင်္ဂလန်။ အလန်ရှီးယားတို့၊ ရော်ဘီဖောင်လာတို့၊ ပေါလ်အင့်စ်တို့၊ ဂက်စ်ကွိုင်နီတို့၊ အဲ့ဒီကတစ်ဆင့် ၈ပေစလောင်းတွေခေါင်းထောင်လာ တော့ အင်္ဂလန်ပရီးမီးယားလိဂ်ကိုရူးရူးမူးမူးဖြစ်သွားကြပြန်သည်။

အဲ့ဒီတုန်းကတော့ လီဗာပူးကိုစွဲကြတာများသည်။ လီဗာပူးနှင့်အကြောင်းပါသွားကြသူများက ကျွန်တော့်အမြင်မှာတော့ ငြိမ်သည်။ ဘောလုံးပွဲကိုဘောလုံးပွဲလိုကြည့်ပြီးငြိသွားခဲ့ကြတာ။ ပြိုင်ဆိုင်မှုတွေမပါ။ ဟိုကောင်နီလို့ ငါစိမ်းပစ်မယ်ဆိုတာမျိုးမဟုတ်။ ကင်နီဒဲဂလစ်ရှ်တို့ခေတ်။ အဲ့ဒီထက်ပိုပြီး ဒီပြိုင်ပွဲနှင့်အသားတကျရှိလာချိန်မှာတော့ မန်ယူသမားတွေများလာသည်၊ အာဆင်နယ်ခရေဇီတွေပွင့်ထွက်လာသည်။

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အားအနိုင်ယူပြီး မန်ယူအသင်းအောင်ပွဲခံနေစဉ်။

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အားအနိုင်ယူပြီး မန်ယူအသင်းအောင်ပွဲခံနေစဉ်။

စွဲလောက်စရာအကြောင်း တရားတွေကလည်း သူ့နည်းသူ့ဟန်နှင့်ခိုင်လုံကြသည်။ မန်ယူမှာက ရွှေရောင်မျိုးဆက်တစ်ခုထွက်ပေါ်လာသည့်အချိန်၊ ဂစ်၊ ဘက်ခမ်း၊ ပေါလ်စခိုးလ်၊ နစ်ကီဘတ်၊ နဗဲလ်ညီနောင်များက အစပြုလို့ မန်ယူမှာကစားသူမှန်သမျှ တစ်ရပ်ကွက်တည်းသားတွေမက၊ဆွေမျိုးအရင်းကြီးတွေလိုချစ်ခင်သွားကြတော့သည်။ ပီတာရှမိုက်ကယ်၊ ဒင်းနစ်အာဝင်၊ ဂျပ်စတမ်း၊ကန်တိုနာ၊ ရွိုင်ကိန်း၊ ဆိုးလ်ရှား(ကလေးမျက်နှာနှင့်လူသတ်သူ၊Super-Sub စသောဝိသေသတွေနှင့် သူ့အကြောင်းပြောရတာကိုက ဖီလင်တစ်ခု)၊ အင်ဒီကိုးလ်၊ ဒွိုက်ယော့ခ်၊ စားခြင်း၊ သွားခြင်း၊ စသော မဖြစ်မနေအကြောင်းခြင်းရာများကလွဲလျှင် မန်ယူအကြောင်းကိုသာဝိုင်းဖွဲ့ပြောဆိုချင်နေခဲ့ကြချိန်များပဲဆိုပါတော့။ တိုက်ခိုက်ရေးစိတ်ဓာတ်က တစ်ကွင်းလုံးရဲနေသည်။ နိုင်နေလျှင် နောက်ထပ်ဂိုးများအတွက်၊ ရှုံးနေလျှင် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိတိုက်ပွဲဝင်နေတတ်သလို တကယ်လည်း အဲ့ဒီအချိန်များမှာ လွတ်မြောက်ခဲ့တာအကြိမ်ကြိမ်။ အသည်းကွဲမိနစ်ဆိုတာ သူတို့ကိုအထူးပြုခဲ့သောစကားလုံးတစ်ခုပဲဖြစ်သည်။ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကတော့ {ကမ္ဘာသိမ်းမည် ဝါစိမ်းနီ}ဖြစ်သွားတော့တာပဲထင်ပါရဲ့။ မိနစ်(၉၀) ပြည့်သည်အထိ ဘိုင်ယန်ကိုရှုံးနေတုန်းပဲဖြစ်သည်။ အချိန်ပို(၃)မိနစ်ပေးသည်၊ တစ်ဝက်ကျော်ကုန်ဆုံးသွားသည်အထိမပြောင်းလဲသေး။ အဲ့ဒီနောက်လက်ကျန်အချိန်ပိုင်းလေးအတွင်းမှာပဲ ရှရင်ဂမ်နှင့်ဆိုးလ်ရှားတို့ကချေပဂိုးနှင့်အနိုင်ဂိုးများသွင်းယူခဲ့ကြတာ။ အိုး..အားလုံးမင်သက်၊ အားလုံးရူးသွပ်၊ ငါတို့မန်ယူ၊ ကျွန်တော်တို့မန်ယူ၊ အားလုံးရဲ့ မန်ယူ။

၂၀၀၄ခုနှစ်က ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးချန်ပီယံဆုနှင့် အာဆင်နယ်အသင်းအောင်ပွဲခံနေစဉ်။

၂၀၀၄ခုနှစ်က ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးချန်ပီယံဆုနှင့် အာဆင်နယ်အသင်းအောင်ပွဲခံနေစဉ်။

မန်ယူတစ်သင်းတည်းတော့လည်း ဘယ်ဟုတ်ပါ့မလဲ၊ အာဆင်နယ်ကိုတွယ်ငြိခဲ့ကြသူများလည်း တစ်ကမ္ဘာလုံးဆိုင်ရာရေကြီးခဲ့ကြတာပဲဖြစ်သည်။ ၁၉၉၈၊ ၂၀ဝ၂ နှင့် ၂၀ဝ၄ခုနှစ်များတွင် အာဆင်နယ်ဗိုလ်စွဲခဲ့သည်။ မန်ယူကစိတ်ဓာတ်ကောင်းသလို အာဆင်နယ်ကစားသည်က ဖျော်ဖြေရေးဆန်လှသည်။ ဒင်းနစ်ဘားကမ့်၊ အိုဘားမားတို့လို နယ်သာလန်တွေ၊ ပီတစ်၊ ဗီအဲရာ၊ ပီရက်စ်၊ ဝီးလ်တော့နှင့် အွန်နရီတို့လိုပြင်သစ်တွေ၊ကြက်ဖကြီးဟုခေါ်ကြသည့် ဆွီဒင်သားယွန်းဘတ်၊ လီးဒစ်ဆင်၊ ကီအွန်၊ တိုနီအဒမ်နှင့်ဝင်းတားဘန်း တို့လို မှတ်တမ်းကောင်းများစွာနှင့်နောက်ခံလူတွေ၊ ပြီးတော့ ဂန္တဝင်ဂိုးသမားကြီးဒေးဗစ်ဆီးမင်း၊ သူတို့ကစားသောဘယ်ပွဲကြည့်ကြည့်ညှို့နေသည်။ အာဆင်နယ်ကိုအာဆင်နယ်လိုစွဲကြဖို့ ခိုင်လုံလိုက်သည်မှာ တစ်ဖက်ကမ်းတောင်ရောက်သွားနိုင်သေးသည်။

မန်ယူအသင်းခေါင်းဆောင်ရွိုင်ကိန်းနှင့် အာဆင်နယ်အသင်းခေါင်းဆောင်ဗီအဲရာတို့ထိပ်တိုက်တွေ့နေစဉ်။

မန်ယူအသင်းခေါင်းဆောင်ရွိုင်ကိန်းနှင့် အာဆင်နယ်အသင်းခေါင်းဆောင်ဗီအဲရာတို့ထိပ်တိုက်တွေ့နေစဉ်။

ဖာဂူဆန်နှင့် အာစင်ဝင်းဂါးတို့၏ စကားလုံးစစ်ပွဲများအကြား မျောကြ၊ ဗီအဲရာနှင့်ရွိုင်ကိန်းတို့ထိပ်တိုက်တွေ့မှုတွေမှာ ဝင်အော်ကြ။ ဒီလိုနှင့်ပဲ အာဆင်နယ်စွဲသူက မန်ယူစွဲသူကိုမုန်းဖို့ဖြစ်လာသည်။ မန်ယူပရိသတ်တွေဘက်ကကြည့်တော့လည်း ဒီအတိုင်းပါပဲ။ အာဆင်နယ်ယူသွားသော ဆုဖလားနှစ်များကို မကျေနပ်။ တစ်ချို့က မန်ယူသည်းသည်းလှုပ်နေတာကိုကြည့်မရတာနှင့်ပဲ အာဆင်နယ်ဖြစ်လာကြသည်။ ဒီလိုပဲ၊ အာဆင်နယ်ခေါ်သံတွေကိုမကြားလိုသူတွေက
မန်ယူဝတ်စုံဝတ်ဖြစ် သွားကြပြန်ရော။ ထားပါတော့၊ စွဲစရာရှိလို့စွဲကြခြင်းမှာ ဘာမှပြောစရာမရှိ။

သို့သော် အဲ့ဒီမန်ယူက ဘာတွေများစွဲစရာကျန်သေးလို့လဲ၊ မန်ယူသည်တိုက်စစ်၊ အဲ့ဒီတိုက်စစ်ကသေနေပြီ။ ဒီရာသီမှာ ဂိုးမသွင်းနိုင်သောပွဲက(၅)ပွဲရှိလာသည်။
ဂိုးမသွင်းနိုင်သောပွဲဆိုတာကတော့ ရှိမှာပဲ။ ရီးယဲလ်လည်းဖြစ်နိုင်သည်။ ဘာစီလိုနာရော တစ်ရာသီလုံးတစ်ပွဲမပြတ်ဂိုးသွင်းနေရမှာလား၊ ဂိုးမသွင်းနိုင်ခြင်းကအကြောင်းမဟုတ်၊ ဂိုးကိုဆာလောင်မှုကင်းမဲ့ခြင်းကအကြောင်းဖြစ်သည်။ လူးဝစ်ဗန်ဟားလ်သည် မနှစ်ကမငြိမ်သက်မှုများကိုမကြိုက်။ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ယောက်မခေါ်ယူခဲ့ခြင်းအတွက်လည်း အကောင်းဆုံးခံစစ်ကြောင်းဖြင့်သက်သေပြချင်သည်။ ဒီမှာပဲ ဘောလုံးပိုင်ဆိုင်မှုအဓိကဖြစ်လာသည်။ ဘောလုံးရထားလျှင်ကိုင်ထားဖို့မှာကြားမှုတွေလုပ်လာသည်။ တကယ်လည်း ခံစစ်ကြောင်းကြီးတစ်ခုလုံးအပြောင်းအလဲဖြစ်သွားခဲ့သည်။ (၁၃)ပွဲကစားပြီး(၉)ဂိုးသာပေးထားသော ခံစစ်မျိုး ဒီရာသီဘယ်အသင်းမှာမှမရှိ။ သို့သော် ကိုယ့်ခြေထောက်ထဲဘောလုံးရှိနေလျှင် အချိန်တန်ဂိုးသွင်းနိုင်မှာပဲအယူအဆကတော့ တကယ်ကိုအလုပ်မဖြစ်။ မာရှယ်လေးက ပထမဆုံးပွဲစဉ်များမှာပင် အလုပ်ထဖြစ်ပြလိုက်တော့ ကျွန်တော်တို့ကိုယ်တိုင်ပင် ငြိမ်သက်သွားခဲ့တာ။

မန်ယူအသင်းတိုက်စစ်ပြဿ နာကိုဖြေရှင်းရမည့် ဗန်ဟားလ်နှင့်၎င်း၏နည်းပြအဖွဲ့ဝင်များ။

သို့သော် နောက်ပိုင်းပွဲတွေမှာ သူ့ကြည့်ရသည်ကသွေးဖျော့လွန်းလှသည်။ ခံစားချက်ကင်းမဲ့လွန်းသည်က ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်းများလွန်း လှသည်။ ရွန်းနီအတွက်က သူဂိုးရပါစေ ဆုတွေတောင်းရင်း အခုနောက်ပိုင်းမှာတော့ သူ့ဆီဘောလုံးမရောက်ပါစေနှင့်ဟု ဆုတွေတောင်းနေခဲ့ရပြန်ပြီ။ သူ့ဆီရောက်တာနှင့်ဘောလုံးက ပျက်တော့သည်။ ဘယ့်နှယ်ကပ္ပတိန်ပါလိမ့်..
ဆိုသောအသံတွေဆူညံလာသည်။ ဒီအချိန်မှာပဲ မန်ယူသည် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နောက်တွင်မိုင်သန်းပေါင်းများစွာပြတ်ကျန်နေခဲ့ပြီဟု မန်ယူကွင်းလယ်ကစားသမာဟောင်း ပေါလ်စခိုးလ်ကိုယ်တိုင်ကထုတ်ဖော်ပြောဆိုလိုက်ပြန်သည်။ တစ်ချိန်က လုံးဝသွေးဆူနေတတ်သောအသင်း။ အခု ကန္တာရစစ်စစ်၊ မကြာခင် ပွဲမပြီးခင်ထပြန်ချင်သူတွေရှိလာနိုင်ပြီ။ ဒီပုံအတိုင်းသွားလျှင် ရာသီကုန်ဗိုလ်စွဲလို့တောင် မန်ယူပရိသတ်တွေက လူးဝစ်ဗန်ဂါးလ်ကိုကျေးဇူးတော်တင်ကြပါ့မလားမသိ။

တစ်ခုခုတော့ စွဲခဲ့ကြတာပဲ။ သို့သော် အဲ့ဒါကိုဘယ်အထိစွဲမ လဲဆိုတာကတော့ မေးခွန်းတစ်ခုဖြစ်သည်။ စွဲလမ်းခြင်းသည်သစ္စာတရားမဟုတ်၊ စွဲလမ်းသည့်အရာမှာ ဘာအာမခံချက်မှမရှိ။ စွဲခဲ့ရသည့်အကြောင်းရင်းတွေသွေဖီဖောက်ပြန်ကုန်လျှင် စွဲလမ်းရခြင်းကိုပစ်ချထားခဲ့နိုင်သည်။ ဘာပဲဖြစ်ဖြစ် မန်ယူတွေလည်းရှိနိုင်ပါသေးသည်။ သို့သော် ဒီမန်ယူကိုသည်းမခံနိုင်တော့သော မန်ယူစွဲလမ်းခဲ့သူများစွာကတော့ အသင်းနှင့်မကြာခင်လမ်းခွဲစကားဆိုလာကုန်ကြနိုင်သည်။ ဖာဂူဆန်တည်ဆောက်ခဲ့သော နတ်ဆိုးကမ္ဘာသည် လူးဝစ်ဗန်ဟားလ်လက်ထဲအရောက်မှာပတ်ရွေ့တောင်တန်းကြီးများလို အားလုံးပြောင်းလဲသွားတော့မည်လား၊ မန်ယူကိုစွဲခဲ့သူတွေ အစွဲမဖြတ်သေးခင် မန်ယူကိုပြန်ပြင်နိုင်ဖို့ကောင်းပါသည်။ လူးဝစ်ဗန်ဟားလ်ကိုယ်တိုင်ကတော့ ဂိုးပေါက်ပျောက်ဆုံးခြင်းတွေအတွက် စိုးရိမ်လာမိပြီဆိုလား..။

comments

error: Content is protected !!