ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ဇင်းနစ်တို့ ရှုံးထွက်အဆင့်သို့တက်ရောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ရိုးမားကို ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာကစားသမားများ

ယမန်နေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ပထမနေ့ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်တွင် အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အသင်း စုစုပေါင်း ၃ သင်း ပေါ်ထွက်လာပြီဖြစ်သည်။

အုပ်စု (င) တွင် ဘာစီလိုနာက ရှုံးထွက်အဆင့်သို့ တက်ရောက်သွားနိုင်ပြီဖြစ်ပြီး ရိုးမား၊ လေဗာကူဆင်နှင့် ဘိုရီဆော့ဗ်တို့မှာ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။
ရိုးမားနှင့် လေဗာကူဆင်တို့မှာ ရမှတ် ၅ မှတ်စီရရှိထားပြီး ဘိုရီဆော့ဗ်အသင်းမှာ ၄ မှတ်သာရထားသေးသည်။ အုပ်စု နောက်ဆုံးပွဲစဉ်တွင် ရိုးမားက ဘိုရီဆော့ဗ်ကို လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး လေဗာကူဆင်က ဘာစီလိုနာနှင့် ကစားရမည်ဖြစ်သောကြောင့် အုပ်စုဒုတိယနေရာရရန် ရိုးမားက ပိုမိုနီးစပ်နေသည်။

အုပ်စု (စ) တွင် ဘိုင်ယန်မြူးနစ်မှာ ၅ ပွဲကစားပြီး ၄ ပွဲ အနိုင်ရရှိထားသဖြင့် ရှုံးထွက်အဆင့်သို့ စောစီးစွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စု ဒုတိယနေရာမှ အိုလံပီယာကို့စ်အသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အာဆင်နယ်ကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး သရေ ၁ မှတ်ရရုံဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်မည်ဖြစ်သည်။
အာဆင်နယ်မှာ အိုလံပီယာကို့စ်နှင့်ပွဲစဉ်ကို သေချာပေါက် အနိုင်ရရုံသာမက နှစ်ဂိုးနှင့်အထက်သွင်းယူနိုင်ရန်လည်းလိုအပ်နေသည်။  အဘယ့်ကြောင့်ဆိုသော် ယူအီးအက်ဖ်အေ၏ စည်းမျဉ်းအရ  ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ရမှတ်တူညီနေပါက ထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့် ရပ်တည်မှုကို ဆုံးဖြတ်သောကြောင့်ဖြစ်သည်။  ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်မှာမူ အုပ်စုတတိယဖြင့် ယူရိုပါလိဂ်တွင် ကစားခွင့်ရရန်ပင် မဖြစ်နိုင်တော့ဘဲ ချန်ပီယံလိဂ်ကို နှုတ်ဆက်လိုက်ရပြီဖြစ်သည်။

အုပ်စု (ဆ) တွင် ပေါ်တို၊ ချဲလ်ဆီးနှင့် ဒိုင်နမိုကိဗ်တို့ အပြိုင်ဖြစ်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်အထိ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်မှာ ပေါ်ကိုကို အနိုင်ရခဲ့ခြင်းကြောင့် အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရေး မျှော်လင့်ချက် ပိုမိုတောက်ပလာခဲ့သည်။
အုပ်စုနောက်ဆုံးပွဲစဉ်တွင်  ချဲလ်ဆီးနှင့်ပေါ်တို့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရသည့်အသင်းက နောက်တစ်ဆင့်ကို တက်ရောက်သွားမည်ဖြစ်သည်။  အဆိုပါပွဲတွင် သရေရလဒ်ထွက်ပေါ်ပြီး ဒိုင်နမိုကိဗ်မှာ မက္ကာဘီတဲလ်အဗစ်ကို အနိုင်ရခဲ့ပါက သုံးသင်းစလုံးရမှတ်တူညီနေမည်ဖြစ်ပြီး  ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်အတွက် ထိပ်တိုက်တွေ့ဆုံမှုဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။  အစ္စရေးကလပ်  မက္ကာဘီတဲလ်အဗစ်မှာ လက်ရှိအချိန်ထိ ရမှတ် ရယူထားနိုင်ခြင်းမရှိဘဲ ချန်ပီယံလိဂ်မှ ထွက်လိုက်ရပြီဖြစ်သည်။

အုပ်စု (ဇ) တွင် ဇင်းနစ်မှာ ဗလင်စီယာနှင့်ပွဲ မတိုင်မီကတည်းက ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် သေချာနေခဲ့ပြီး အုပ်စုဒုတိယနေရာအတွက် ဂျန့်နှင့်ဗလင်စီယာတို့သာ အဓိကယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
ဇင်းနစ်သည် အုပ်စုအဆင့်တွင် ရာနှုန်းပြည့်နိုင်ပွဲရထားသည့် တစ်သင်းတည်းသောအသင်းဖြစ်ကာ လိုင်ယွန်မှာ ရမှတ် ၁ မှတ်သာ ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသည့် တတိယမြောက်အသင်း ဖြစ်လာသည်။

comments

error: Content is protected !!