ကမ္ဘောဇကစားသမားဟောင်း ဥာဏလွင်ကို ရခိုင်အသင်းစိတ်ဝင်စားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကမ္ဘောဇအသင်းတွင်ကစားစဉ်က လေ့ကျင့်ခန်းဆင်းနေသည့် ဥာဏလွင်(ယာစွန်)

နိုဝင်ဘာ ၂၄။
အော်သော်ဖြိုး။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းသည် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် ကမ္ဘောဇကစားသမားဟောင်း ဥာဏလွင်ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ရခိုင်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးသက်ထူးနိုင်ဦးက ဆိုသည်။

ကမ္ဘောဇအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် နောက်ခံကစားသမား ဥာဏလွင်ကို ရခိုင်အသင်းကခေါ်ယူရန် ညှိနှိုန်းနေပြီး လစာညှိနှိုင်းမှု အဆင်ပြေလျှင် ခေါ်ယူမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဥာဏလွင်အပြင် MNL-2 တွင် ယှဉ်ပြိုင်နေသည့် ဒဂုံ FC မှ ရခိုင်လူမျိုး ကစားသမားတစ်ဦးကိုလည်း ခေါ်ယူရန်စီစဉ်နေပြီး ပြည်ပကစားသမားများကိုလည်း ခေါ်ယူရန် ချိတ်ဆက်နေကြောင်းသိရသည်။

ရခိုင်အသင်းသည် ၂၀၁၆ ရာသီအတွက် ပြင်ဆင်မှုအဖြစ် လူငယ်အသင်းမှ တောင်ပံကစားသမား ဖြိုးဝေအောင်၊ တိုက်စစ်မှူး ဝေယံနိုင်၊ ငြိမ်းချမ်း၊ နောက်ခံလူ ဘိုဘို နှင့် ယူ-၁၉ လက်ရွေးစင် ကျော်ကိုကိုဦးတို့ကို အသင်းကြီးသို့ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် စာချုပ်ကုန်ဆုံးသွားသော ကျောနံပါတ် ၁၀ ပြည်မိုး၊ ကျောနံပါတ် ၈ မာစီယိုဆန်းတို့စ်၊ ကျောနံပါတ် ၇ နိုင်နိုင်ကျော်တို့ကို ကစားသမားများ၏သဘောဆန္ဒအရ ကြိုက်နှစ်သက်ရာအသင်းများသို့ လွတ်လပ်စွာပြောင်းရွှေ့ခွင့် ပြုခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် နည်းပြချုပ်ဦးဝင်းတင်နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ထပ်မံသက်တမ်းတိုးခြင်းမရှိခဲ့ဘဲ ၂၀၁၆ ဘောလုံးရာသီတွင် အသင်းကြီးနည်းပြချုပ်အဖြစ် လူငယ်အသင်းနည်းပြချုပ်ဦးအောင်ဇော်မျိုးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

comments

error: Content is protected !!