ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဟောင်အန်းဂယ်လိုင်း ယူ-၂၁ ကို မြန်မာ ယူ-၂၁အရေးနိမ့်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဟောင်အန်းဂယ်လိုင်းတိုက်စစ်ကို ပိတ်ဆို့နေသည့် မြန်မာကစားသမားများ

အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယား ယူ-၁၉ အသင်းအား အသီးသီးအရေးနိမ့်ခဲ့သည့် မြန်မာယူ-၂၁အသင်းနှင့် ဟောင်အန်းဂယ်လိုင်း ယူ-၂၁ တို့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ၌ ၄-၃ ဂိုးဖြင့် မြန်မာယူ-၂၁ အသင်း ရှုံးနိမ့်ခဲ့ရသည်။

ဟောင်အန်းဂယ်လိုင်းအသင်းအား အနိုင်ကစားမည်ဟု ဆိုခဲ့သည့် မြန်မာယူ-၂၁နည်းပြ အဲရစ်ဝီလျံသည် အသင်းတိုက်စစ်တွင် မောင်မောင်လွင်၊သန်းပိုင်တို့ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲစသည်နှင့် ပြိုင်ဘက်အသင်းအပေါ် ဖိအားပေးကစားနိုင်ခဲ့သည်။

ပွဲချိန် ၇ မိနစ်တွင်  ဟောင်အန်းဂယ်လိုင်းကစားသမားများ၏ အမှားမှတစ်ဆင့် မြန်မာ ယူ-၂၁ အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး တောင်ပံကစားသမား သန်းဇော်ဟိန်းကန်သွင်းရာမှ ပြန်ထွက်လာသည့်ဘောလုံးကို ကွင်းလယ်လူ ရန်နိုင်ဦးက ဦးဆောင်ဂိုးအဖြစ် ရယူပေးခဲ့ခြင်းဖြစ်သည်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း  ဟောင်အန်းဂယ်လိုင်းအသင်းတိုက်စစ်ကစားပုံပြောင်းလဲခဲ့ခြင်းကြောင့် မြန်မာ ယူ-၂၁အသင်း ခံစစ်တွင်သာ အချိန်ကုန်နေခဲ့ပြီး ဂိုးသမားဘုန်းသစ္စာမင်း၏ အတွေ့အကြုံနည်းပါးမှုများကြောင့် ဟောင်အန်းဂယ်လိုင်းတိုက်စစ်မှူးများက အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့သည်။

ပွဲချိန် ၁၇ မိနစ်တွင်  ဟောင်အန်းဂယ်လိုင်းအသင်း ချေပဂိုးရရှိခဲ့ပြီး ကွင်းလယ်ကစားသမား လူယင်တောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် အသင်းခေါင်းဆောင် ငုရင်ကောင်ဖန်းက တစ်ကိုယ်တော်အစွမ်းဖြင့် ဂိုးသမားဘုန်းသစ္စာမင်းကို ကျော်ဖြတ်၍ သွင်းယူသွားနိုင်ခဲ့သည်။

ပွဲချိန် ၃၄မိနစ်တွင် မြန်မာယူ-၂၁အတွက် မောင်မောင်လွင်က ဦးဆောင်ဂိုးထပ်မံသွင်းယူပေးခဲ့သော်လည်း ၃ မိနစ်အကြာ ၃၇မိနစ်တွင် ဟောင်အန်းဂယ်လိုင်းတိုက်စစ်မှူး ငုရင်ဗန်သောင်က ပြန်လည်ချေပခဲ့သဖြင့် ပထမပိုင်းအပြီး ၂-၂ သရေ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်းတွင်  ဟောင်အန်းဂယ်လိုင်းအသင်း လူစားလဲမှုများပြုလုပ်ခဲ့ပြီး မြန်မာ ယူ-၂၁ အသင်းဘက်သို့ တိုက်စစ်ဆင်မှုများပိုမိုပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်တွင် ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ထိုဂိုးမှာ လူစားဝင်တောင်ပံကစားသမား ဟန်မင်ဟောင် ကန်သွင်းရာမှ မြန်မာနောက်တန်းကစားသမားနှင့်ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။

ဦးဆောင်ပေးလိုက်ရသော်လည်း မြန်မာယူ-၂၁အသင်းမှာ ထိရောက်သည့်တိုက်စစ်ဆင်မှုများပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ပွဲချိန် ၈၃ မိနစ်တွင် ပေးခဲ့ရသည့် ပြစ်ဒဏ်ဘောမှတစ်ဆင့် တောင်ပံကစားသမား ထရန်မင်ဟောင်က တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ပွဲပြီးရန် ၁ မိနစ်အလိုတွင် မြန်မာ ယူ-၂၁အသင်းအတွက် မောင်မောင်လွင်က တတိယမြောက်ချေပဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ဟောင်အန်းဂယ်လိုင်းအသင်းက  ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သွားခဲ့သည်။

ရှုံးပွဲကြုံတွေ့ခဲ့သည့် မြန်မာ ယူ-၂၁ အသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ဆုံးရှုံးခဲ့ပြီး အဆင့် ၅ နေရာအတွက် တစ်ဖက်အုပ်စုမှ ထိုင်း ယူ-၂၁ အသင်းနှင့် နိုဝင်ဘာ ၂၆ ရက် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!