လာအိုတိုယိုတာကို ရန်ကုန်ယူနိုက်တက် ဂိုးပြတ်အနိုင်ရခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ရန်ကုန်ယူနိုက်တက်ကစားသမားများ

ရန်ကုန်၊ နိုဝင်ဘာ ၂၂။
အောင်သော်ဖြိုး။

တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ရန်ကုန်အသင်းသည် လာအိုတိုယိုတာအသင်းနှင့် နိုဝင်ဘာလ ၂၂ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ခဲ့ပြီး ၅-၂ဖြင့်အနိုင်ရခဲ့သည်။

ရန်ကုန်အသင်းကို နည်းပြသစ် အီမာဆင် စတင်ကိုင်တွယ်သည့် ပထမဆုံးပွဲစဉ်ဖြစ်ပြီး ရန်ကုန်အသင်းမှာ ၂၀၁၅ ဘောလုံးရာသီတွင် ပါဝင်ခဲ့သည့် နိုင်ငံခြားကစားသမားများ စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အတွက် မပါဝင်လာဘဲ တိုက်စစ်မှူးသစ် အက်ဒီဆင်နှင့် ဂိုးသမားနေရာတွင် အောင်ဝေဖြိုးတို့ ပါဝင်လာခဲ့သည်။

အိမ်ရှင် ရန်ကုန်အသင်းက ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပွဲအစတွင် ကျော်ကိုကို၊ ကြည်လင်း နှင့် တိုက်စစ်မှူးသစ်တို့ နားလည်မှုလွဲချော်နေခဲ့သည်။

ရန်ကုန်အသင်းအတွက်အဖွင့်ဂိုးကို ၁၄ မိနစ်တွင် ကျော်ကိုကိုကန်တင်ပေးမှုကို အက်ဒီဆင် ခေါင်းတိုက်သွင်းယူခဲ့ပြီး အက်ဒီဆင်ကပင် ၂၁ မိနစ်တွင် သန်းထက်အောင်၏ ပေးပို့မှုမှတစ်ဆင့် ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၄၉မိနစ်တွင် လာအိုတိုယိုတာအသင်း ချေပဂိုးရရှိခဲ့ပြီး မိနစ် ၅၀ တွင် ကျော်ကိုကို၏ ထိုးဖောက်မှုကို ဂိုးသမား ရှေ့ထွက်ကာကွယ်ခဲ့သော်လည်း ရန်ကုန်အသင်းဘောလုံးပြန်ရသွားပြီး ဂိုးသမားမရှိသည့် ဂိုးပေါက်အတွင်းသို့ ဒေးဗစ်ထန်း အဝေးမှ ကန်သွင်းခဲ့ကာ တတိယဂိုး ရယူခဲ့သည်။

မိနစ် ၆၂တွင် ကြည်လင်းကန်တင်ပေးသည့် ထောင့်ကန်ဘောကို ကျော်ကိုကို ခေါင်းတိုက် အဆုံးသတ်ကာ စတုတ္ထဂိုးရရှိခဲ့ပြီး ၆၃မိနစ်တွင်  ဂိုးသမားရှေ့ထွက်နေသည်ကို အခွင့်ကောင်းယူကာ ရန်အောင်ကျော်က အပိုင်ကန်သွင်းပြီး ငါးဂိုးမြောက်ဂိုးကို သွင်းယူခဲ့သည်။

ပွဲပြီးဆုံးကာနီး ၁မိနစ်ခန့်အလိုတွင် လာအိုအသင်းမှ ဒုတိယဂိုးရရှိခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်က ၅-၂ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ပွဲပြီးပြောစကား
ရန်ကုန်ယူနိုက်တက်နည်းပြ
“ဒီနေ့ရန်ကုန်အသင်းက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ တိုက်စစ်က ၅ ဂိုးအထိသွင်းနိုင်ပေမယ့် ခံစစ်အမှားလေးတွေကြောင့် ၂ ဂိုးပြန်ပေးရတယ်။ ဒီအမှားတွေကို ကမ္ဘောဒီးယားအသင်းနဲ့ပွဲမတိုင်ခင် ပြင်ဆင်နိုင်မှာပါ”

လာအိုတိုယိုတာနည်းပြ
“ရန်ကုန်အသင်းက အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့အသင်းက ကစားသမား ၅ ယောက်လောက် ဒဏ်ရာရယ် ပွဲပန်းမှုရယ်ကြောင့် ချန်လှပ်ထားရလို့ အသင်းက အားနည်းနေပါတယ်။ ရန်ကုန်အသင်းက ကမ္ဘောဒီးယားအသင်းထက်စာရင် ပိုပြီးတောင့်တင်းပါတယ်”

comments

error: Content is protected !!