မြန်မာ ယူ-၂၁အသင်း အဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယား ယူ-၁၉နှင့် ယှဉ်ပြိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗီယက်နမ်သို့မထွက်ခွာမီတွေ့ရသည့် မြန်မာ ယူ-၂၁ အသင်း

နိုဝင်ဘာ ၁၉။
အောင်သော်ဖြိုး။

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် တောင်ကိုရီးယား ယူ-၁၉အသင်းနှင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ ယူ-၂၁အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ ယူ-၂၁ စင်ကာပူအသင်း၊ ဟောင်အန်းဂယ်လိုင်း ယူ-၂၁ အသင်း၊ Youth Newspaper Vietnam ယူ-၂၁အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဟောင်အန်းဂယ်လိုင်း ယူ-၂၁ အသင်းနှင့် ကစားရမည် ဖြစ်သည်။

မြန်မာ ယူ-၂၁  အသင်းသည် စတင်ဖွဲ့စည်းသည့်အချိန်တွင် အမှားများရှိနေသော်လည်း ခြေစမ်းပွဲ ၃ ပွဲ ကစားအပြီးတွင် ပိုမိုကောင်းမွန်လာသော်လည်း မိမိတို့ရင်ဆိုင်ရမည့်အသင်းများမှာ ခက်ခဲသည့်အတွက်  ကစားသမားများ နိုင်လိုစိတ်ပြင်းပြင်းဖြင့်ကစားပြီး နည်းပြအဖွဲ့ဝင်များ၏နည်းစနစ်များ ကောင်းမွန်ခဲ့လျှင် အောင်မြင်မှုရရှိမည်ဟု အသင်းအုပ်ချုပ်သူ ဦးတင်မြင့်အောင်က ဆိုသည်။

ပြိုင်ပွဲဝင် မြန်မာ ယူ-၂၁ အသင်းသည် နိုဝင်ဘာလ ၁၈ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဦးတင်မြင့်အောင်က အသင်းအုပ်ချုပ်သူအဖြစ် ဦးဆောင်ကာ နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံ၊ လက်ထောက်နည်းပြ ဦးညီညီလတ်၊ ဂိုးနည်းပြ ဦးယဉ်မင်းအောင်၊ အသင်းဆရာဝန်အဖြစ် ဒေါက်တာကျော်သန့်ဇင်တို့အပါအဝင် ကစားသမား ၂၀ ဦး လိုက်ပါသွားကြသည်။

မြန်မာ ယူ-၂၁ အသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအဖြစ် ရန်ကုန်အသင်း၊ ဟံသာဝတီအသင်း၊ မြန်မာ့လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းခဲ့ပြီး ရန်ကုန်အသင်းကိုသာရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲစဉ်များကို အနိုင်ရခဲ့သည်။

comments

error: Content is protected !!