အင်္ဂလန်-ပြင်သစ်ပွဲစဉ်မှာ သာမန်ခြေစမ်းပွဲမဟုတ်ဟု ဟော့ဆန်ပြောကြား
|
အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်က ပြီးခဲ့သည့်သောကြာနေ့တွင် ပဲရစ်မြို့၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုပြီးနောက် ၀င်ဘလေကွင်းတွင်ကစားမည့် အင်္ဂလန်-ပြင်သစ်ယနေ့ညပွဲစဉ်မှာ သာမန်ခြေစမ်းပွဲမဟုတ်ကြောင်း ပြောကြားခဲ့သည်။
သောကြာနေ့ကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့ပြီး အမြောက်အများဒဏ်ရာရရှိခဲ့သည့်အတွက် ယနေ့ညယှဉ်ပြိုင်မည့်ပွဲနှင့်ပတ်သက်၍ အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်က
”အခုယှဉ်ပြိုင်မယ့်ပွဲဟာ အကြောင်းတရားတွေရဲ့ဖိစီးမှုအောက်ရောက်နေလို့ သာမန်ပွဲတစ်ပွဲမဟုတ်ဘူးဆိုတာ ကျွန်တော်မငြင်းနိုင်ပါဘူး။ ကျွန်တော်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဖိစီးမှုတွေကရှိနေဦးမှာပါ။ ကစားခဲ့ဖူးတဲ့ ဘောလုံးပြိုင်ပွဲမှာ ဘယ်တုန်းကမှ ဒီလိုမျိုး ကျွန်တော်မကြုံခဲ့ဖူးပါဘူး” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီကလည်း အကြမ်းဖက်သမားများ၏လုပ်ရပ်မှာ စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး ယခုယှဉ်ပြိုင်မည့် ခြေစမ်းပွဲသည် အကြမ်းဖက်သူများ မည်သည့်အချိန်တွင်မှ အနိုင်ရမည်မဟုတ်ကြောင်း ပြသနိုင်မည့်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Next : ဝေါ်လ်တာ၏ သွင်းဂိုးများဖြင့် အိုင်ယာလန် ယူရိုခြေစစ်ပွဲအောင်