လီဗာပူးနှင့်ပွဲတွင်ပါဝင်ရန် အဂူရိုပစ်မှတ်ထား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးနှင့်ပွဲတွင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည့် အဂူရို

မန်စီးတီးတိုက်စစ်မှူးအဂူရိုမှာ လက်ရွေးစင်အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ရင်း တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ပြီးခဲ့သည့်အောက်တိုဘာလကတည်းက အနားယူခဲ့ရပြီးနောက် ယခုအချိန်တွင် ပုံမှန်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့၍ လီဗာပူးနှင့်ပွဲတွင်ပါဝင်နိုင်ရန် ပြင်ဆင်နေကြောင်းသိရသည်။

အဆိုပါတိုက်စစ်မှူးမှာ တံကောက်ကြောဒဏ်ရာခွဲစိတ်ကုသခဲ့ရပြီးနောက် မန်စီးတီးအသင်း၏ ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲဆက် လွဲချော်ခဲ့ရသည်။

အဂူရို၏ နောက်ဆုံးကစားခဲ့သည့်ပွဲမှာ နယူးကာဆယ်နှင့်ပွဲဖြစ်ပြီး အဆိုပါပွဲတွင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲအတွင်း စံချိန်တင် ၅ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ အဂူရိုက ”ပွဲထွက်ဖို့သိပ်မလိုတော့ဘူးလို့ ကျွန်တော်ထင်တယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်လာတယ်လို့ခံစားရသလို အနားယူခဲ့ရတဲ့အချိန်မှာ ကြံ့ခိုင်မှုပြန်ရအောင် လုပ်နိုင်ခဲ့ပါတယ်။ အခုတစ်ပတ်မှာ ပါဝင်ဖို့မဖြစ်နိုင်ရင် နောက်တစ်ပတ်ထဲမှာ ပါဝင်နိုင်အောင် ပြင်းပြင်းထန်ထန်ကြိုးပမ်းနေပါတယ်။ အသင်းကနေအနားယူကတည်းက ပြန်ပြီးလေ့ကျင့်နိုင်ဖို့ မျှော်လင့်ခဲ့တာပါတယ်။ ကျွန်တော့်ပစ်မှတ်က လီဗာပူးနဲ့ပွဲမှာ ပါဝင်ဖို့ပါပဲ။  ဘာကိုမှအလျင်စလိုမလုပ်ဘဲ ကြံ့ခိုင်မှုရဖို့ ဖြေးဖြေးချင်းလုပ်ယူခဲ့ရတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးမှာ ဒဏ်ရာပြဿနာကြောင့် အနားမယူမီကာလ၌ မန်စီးတီးအသင်းအတွက် ၈ ဂိုးသွင်းယူပေးထားနိုင်ခဲ့သူဖြစ်သည်။

comments

error: Content is protected !!