မြန်မာတွေကိုမျှော်လင့်ချက်မြင့်စေတဲ့ ရန်ကုန်ယူနိုက်တက်အစုအဖွဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
fifa use web
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို အောင်ပွဲခံနေစဉ်။

ကလပ်အသင်းကြီးတွေဆိုတာ လက်ရွေးစင်အသင်းအတွက်တော့ အကောင်းဆုံးရင်းမြစ်တွေပါပဲ။ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဖလားပိုင်ရှင် ဘာစီလိုနာရဲ့ နာမည်ကြီးကစားသမား ၄ ဦးဟာ လက်ရှိစပိန်အသင်းမှာ ရွေးချယ်ခံရပြီး ဂျူဗင်တပ်ကစားသမား ၅ ယောက်ကတော့ အီတလီလက်ရွေးစင်အဖြစ် ပါဝင်နေပါတယ်။ ဘိုင်ယန်မြူးနစ်၊ လေဗာကူဆင်၊ ဒေါ့မွန်စတဲ့ ဂျာမနီကလပ်တွေက ကစားသမား ၃ ဦးစီကလည်း ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းမှာ ရွေးချယ်ခြင်းခံထားရပါတယ်။

အဲဒီကလပ်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအစွမ်း၊ အကောင်းဆုံးအောင်မြင်မှုရှိထားတဲ့ အသင်းတွေလို မှတ်ယူခံထားရတဲ့ အသင်းတွေဖြစ်ပေမယ့် လက်ရွေးစင်အသင်းအတွက် ကစားသမားပံ့ပိုးနိုင်မှုအပိုင်းမှာတော့ ၂၀၀၉ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့၊ ကမ္ဘာတစ်လွှား လူသိနည်းတဲ့ ရန်ကုန်ယူနိုက်တက်ကလပ်နဲ့ယှဉ်လိုက်ရင်တော့ မထင်မရှားဖြစ်သွားပါလိမ့်မယ်။ မြန်မာချန်ပီယံ ၄ ကြိမ်ဖြစ်ထားတဲ့ ဒီအသင်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လာအိုကို အိမ်ကွင်းမှာ ၃-၁ နဲ့အနိုင်ခဲ့တဲ့ လက်ရွေးစင်အသင်းအတွက် ကစားသမား ၇ ဦးအထိ ပံ့ပိုးပေးထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

ခြေစစ်ပွဲအုပ်စုအဆင့် ပထမဆုံးနိုင်ပွဲရခဲ့တဲ့ လာအိုနဲ့ပွဲမှာ ရန်ကုန်ယူနိုက်တက်ကစားသမား ၄ ဦး ပွဲထွက်ပါဝင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် ခင်မောင်လွင်နဲ့ ဇော်မင်းထွန်းတို့က ခံစစ်မှာ ပါဝင်ခြေစွမ်းပြခဲ့ပြီး ရန်အောင်ကျော်ကတော့ ကွင်းလယ်မှာ မောင်းနှင်အားဖြစ်ခဲ့ပါတယ်။ တိုက်စစ်မြားဦးမှာ ဦးဆောင်သူကတော့ ပရိသတ်အကြိုက်ကစားသမား ကျော်ကိုကိုဖြစ်ပြီး ဆလန်မန်က လာအိုရဲ့အစောပိုင်း သွင်းဂိုးကို ချေပပြီးနောက်မှာ သူက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကျော်ကိုကိုက FIFA.com ကို ပြောကြားရာမှာတော့ “ကျွန်တော်တို့ကလပ်က ကစားသမား ၇ ဦး လက်ရွေးစင်အသင်းမှာပါတော့ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အားသာမှုပဲ။ ဘာလို့လဲဆိုတော့ ကလပ်တစ်ခုတည်းမှာ ကစားနေကြသူတွေဖြစ်လို့ ပွဲချိန်အတွင်းမှာ စကားပြောစရာမလိုဘဲ နားလည်မှုအပြည့်ရှိကြတဲ့အတွက်ပါပဲ”လို့ ဆိုပါတယ်။

စံချိန်တင်ကလပ်
“ကျွန်တော်တို့ကလပ်က မြန်မာနိုင်ငံရဲ့ ထိပ်သီးပဲ”လို့ ချင်းယူနိုက်တက်ကို ၆-၂ နဲ့ အနိုင်ယူခဲ့ပြီး မြန်မာအမှတ်ပေးပြိုင်ပွဲချန်ပီယံဖြစ်ခဲ့သူ အဲဒီတိုက်စစ်မှူးက ဆက်လက်ပြောကြားပါတယ်။ ဒါ့အပြင် “ပြီးခဲ့တဲ့ ၇ ရာသီမှာ ကျွန်တော်တို့က နေရှင်နယ်လိဂ်မှာ စံချိန်တင် ၄ ကြိမ် ချန်ပီယံဖြစ်ခြ့တယ်။ ဒီကလပ်နဲ့အတူ တင်ခဲ့တဲ့ စံချိန်တွေက အများကြီးပါ။ အထူးသဖြင့် ဒီရာသီမှာဆိုရင် ဒုတိယနေရာက ရတနာပုံအက်ဖ်စီကို ၈ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ”လို့လည်း ဆိုခဲပါတယ်။

အသက်၂၆ နှစ်အရွယ် ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ရန်အောင်ကျော်ကလည်း “ချန်ပီယံ ၄ ကြိမ်ဖြစ်တယ်ဆိုတာ မများပေမယ့် ကျွန်တော်တို့ရဲ့ အမှတ်ပေးပြိုင်ပွဲက ၂၀၀၉ ခုနှစ်တုန်းကမှ စခဲ့တာပါ။ အဲဒီလိုမျိုး အောင်မြင်မှုရခဲ့တဲ့ အသင်းတွေ ရှိမလားတော့ မပြောတတ်ပါဘူး။ အခုလိုအခြေအနေကြောင့်ပဲ လက်ရွေးစင်အသင်းအတွက် ကျွန်တော်တို့ကလပ်က ပံ့ပိုးပေးထားနိုင်တာပါ။ ကျွန်တော်တို့က ပြည်တွင်းဖလားတွေ အနိုင်ရဖို့ပဲ ဆန္ဒရှိတာမဟုတ်ပါဘူး။ နိုင်ငံအသင်းအတွက်လည်း အစွမ်းကုန်ကစားပေးချင်တာပါ”လို့ ဆိုပါတယ်။

ရန်ကုန်ယူနိုက်တက်ရဲ့ မြန်မာအသင်းအတွက် ပံ့ပိုးနိုင်မှုကို အေဘရာမိုဗစ်နေရာအစားဝင်လာတဲ့ လက်ရွေးစင်နည်းပြသစ် ဂတ်ဇီဆီကလည်း သတိမူမိပြီး “ရန်ကုန်က ဒီနိုင်ငံရဲ့ အသင်းကြီးတစ်သင်းပါ”လို့ ဆိုခဲ့ပါတယ်။ အဲဒီ ဂျာမန်လူမျိုးနည်းပြဟာ ဒီနှစ်ထဲမှာ ကျင်းပခဲ့တဲ့ နယူးဇီလန် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာအသင်းဝင်ရောက်ကစားနိုင်အောင် လမ်းညွှန်ပေးနိုင်ခဲ့သူပါ။

“သူတို့ရဲ့ စီမံခန့်ခွဲပုံက ကောင်းတယ်။ အခြေခံအဆောက်အဦတွေ အဆင့်မြင့်တယ်။ အထူးသဖြင့်တော့ လူငယ်စီမံကိန်းက သေချာကို စီစဉ်ထားတာပါ။ အမှတ်ပေးပြိုင်ပွဲမှာ အလျင်အမြန်တိုးတက်လာမှုနဲ့အတူ လက်ရွေးစင်အသင်းအတွက်လည်း တောက်လျှောက် အထောက်အပံ့ပေးနိုင်မှာပါ”လို့ ဂတ်ဇီဆီက ဖြည့်စွက်ပြောကြားပါတယ်။

ခြင်္သေ့နှလုံးသား
မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အာရှအင်အားကြီးဖြစ်ပြီး လက်ရှိဖီဖာကမ္ဘာ့အဆင့်သတ်မှတ်မှုမှာ သူတို့ထက် ၁၁၃ ဆင့်မြင့်တဲ့ တောင်ကိုရီးယားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဝေးကွင်းမှာ သရေကျဖို့တောင် မလွယ်ပေမယ့် ကျော်ကိုကိုကတော့ သူတို့အသင်းဟာ ဧည့်သည်အသင်းဖြစ်ပေမယ့် အကြိတ်အနယ်မရင်ဆိုင်ဘဲ လက်မလျှော့ဘူးလို့ ဆိုပါတယ်။

“ရန်ကုန်ယူနိုက်တက်ရဲ့ Nickname က The Lions ပါ။ ခြင်္သေ့ဆိုတာ တောဘုရင်ပဲ။ ဘယ်သားကောင်ကိုပဲဖြစ်ဖြစ် အကောင်းဆုံးအားထုတ်မှုနဲ့အတူ အမဲလိုက်တဲ့သူလေ။ ကျွန်တော်တို့ ရန်ကုန်ကစားသမားတွေကလည်း ကလပ်အတွက်ရော လက်ရွေးစင်အတွက်ပါ အဲဒီလိုပဲ ကစားတဲ့သူတွေပါ။ ဘယ်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရပါစေ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်စိတ်က ရပ်တန့်သွားမှာ မဟုတ်ဘူး”လို့ ကျော်ကိုကိုက ဆိုပါတယ်။

မြန်မာဟာ ကူဝိတ်၊ လက်ဘနွန်တို့နဲ့ ကစားထားပြီး ၅ ပွဲကစားရာမှာ ၄ မှတ်ရထားကာ အုပ်စုအဆင့် ၄ နေရာမှာ ရှိနေပါတယ်။ အုပ်စု ထိပ်ဆုံး ၃ သင်းစာရင်းဝင်ဖို့အတွက် မျှော်လင့်ချက်က ပါးလွန်းနေပေမယ့် ယူအေအီးမှာကျင်းပမယ့် ၂၀၁၉ အေအက်ဖ်စီ အာရှဖလားပြိုင်ပွဲအတွက် အမှတ်တွေယူဖို့ တက်ကြွနေကြပါတယ်။ အကောင်းဆုံး အုပ်စု အဆင့် ၄ နေရာရတဲ့အသင်းဟာ အာရှတိုက်ရဲ့အမြင့်ဆုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်ခွင့် ၁ တစ်နေရာရမှာဖြစ်ပြီး နည်းပြဂတ်ဇီဆီအတွက် လူငယ်တွေများတဲ့ ရန်ကုန်အစုအဖွဲ့က အသင်းရဲ့မောင်းနှင်အားဖြစ်နေပါတယ်။

“အဓိက ကစားသမားတွေထဲမှာ ရန်ကုန်က ယူ-၂၃ ကစားသမား ၂ ယောက်ပါတယ်။ ကျော်ကိုကိုကတော့ အရေးပါတဲ့ ကစားသမားပါ။ ကြည်လင်းက ပွဲအဖြေကို ပြောင်းလဲပေးနိုင်တယ်။ သူတို့အခွင့်အရေးကို စောင့်နေကြတဲ့ လူငယ်ကစားသမားတွေကို ယုံကြည်ပြီး အောင်မြင်မှုရဖို့ လုပ်ရမယ်။ လူငယ်ကစားသမားတွေကို အတွေ့အကြုံရင့်ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အသင်းကောင်းတစ်သင်း တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်”လို့ မြန်မာ့လက်ရွေးစင်နည်းပြက ဆိုခဲပါတယ်။

မှတ်ချက် – FIFA.com မှ Yangon gang boost Myanmar’s hopes ကို ဆီလျော်အောင် ပြန်ဆိုသည်။

comments

error: Content is protected !!