ရလဒ်ကောင်းများရရှိနေသော်လည်း အသင်းမှထွက်ခွာမည့်ဆုံးဖြတ်ချက်အား ပြင်ဆင်မည်မဟုတ်ဟု ဘိုအာ့စ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲကြိုသတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရသည့် ဘိုအာ့စ်

ရုရှားကလပ်ဇင်းနစ်အသင်းနည်းပြ ဘိုအာ့စ်က အသင်းနှင့်အတူ အထိုက်အလျောက်အောင်မြင်မှုရရှိနေသည့်အတွက် ကျေနပ်ဝမ်းမြောက်မိကြောင်း၊ သို့သော် ရလဒ်ကောင်းများကြောင့် ရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဆုံးဖြတ်ချက်ကိုမူ ပြန်လည်ပြင်ဆင်ရန်မရှိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

လက်ရှိရုရှားလိဂ်ချန်ပီယံဇင်းနစ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၄ အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်လျက်ရှိသည့်အပြင်  ဗလင်စီယာ၊ ဂျန့်ခ်၊ လိုင်ယွန်တို့ ပါဝင်သည့် အုပ်စု(ဇ)တွင် ရမှတ် ၁၂ မှတ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီလည်းဖြစ်သည်။

“ဇင်းနစ်အသင်းအတွက် အထိုက်အလျောက်အောင်မြင်မှုရယူပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမဲ့ ရာသီကုန်မှာတော့ အသင်းက ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကိုတော့ ပြင်မှာမဟုတ်ပါဘူး။ မိသားစုဝင်တွေက ပေါ်တူဂီမှာရှိနေတဲ့အတွက် ရုရှားနိုင်ငံမှာ နည်းပြအဖြစ်တာဝန်ယူဖို့ အခက်အခဲတွေရှိပါတယ်” နည်းပြဘိုအာ့စ်က ဆိုသည်။

နွေရာသီကစားသမားအပြောင်းအရွှေ့တွင် လိုအပ်သည့်ဖြည့်တင်းမှုများပြုလုပ်ပေးခြင်းမရှိသည့်အတွက် ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့သည့် နည်းပြဘိုအာ့စ်သည် ၂၀၁၄ ခုနှစ်တွင် ဇင်းနစ်အသင်းအား စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး  ပထမဦးဆုံးရာသီတွင်ပင် အသင်းနှင့်အတူ ရုရှားပရီးမီးယားချန်ပီယံဆုနှင့် ရုရှားစူပါဖလားတို့အား ရယူပေးထားနိုင်ခဲ့သူဖြစ်သည်။

comments

error: Content is protected !!