ပုံမှန်ခြေစွမ်းပြန်ရရန် ရွန်နီအား အနားပေးနိုင်ဟု ဗန်ဟားလ်ဆို
|
မန်ယူနည်းပြဗန်ဟားလ်က အသင်းခေါင်းဆောင်ရွန်နီမှာ မကြာမီကာလတွင် ပုံမှန်ခြေစွမ်းပြန်ရနိုင်မည်ဟု ပြောကြားခဲ့ပြီး ခြေစွမ်းပြန်ကောင်းရန်အတွက် CSKA မော်စကိုနှင့်ပွဲတွင် အနားပေးရန် ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ဆိုခဲ့သည်။
မန်ယူအသင်းမှာ အဆုံးသတ်ပိုင်းအားနည်းသည့် ပြဿနာများနှင့်ရင်ဆိုင်နေရပြီး နည်းပြဗန်ဟားလ်မှာ တိုက်စစ်ကစားဟန်နှင့်ပတ်သက်၍ ဝေဖန်ခံနေရသောကြောင့် ခြေစွမ်းမပြနိုင်သည့် ကစားသမားများကို ရွန်နီကဲ့သို့ အနားပေးရန်စဉ်းစားထားသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူနည်းပြဗန်ဟားလ်က ”ကျွန်တော့်အတွက် ကြီးမားတဲ့ပြဿနာမဟုတ်ပေမယ့် ကစားသမားတွေအတွက်တော့ အခုအခြေအနေက ကြီးမားတဲ့ပြဿနာပါ။ ဒါကို သူတို့လက်ခံဖို့ ခက်ခဲမှာပါ။ ရွန်နီတစ်ယောက်တည်း မဟုတ်ပါဘူး။ ခြေစွမ်းမပြနိုင်တဲ့သူတွေကို ကျွန်တော်အနားပေးမှာပါ။ ဒီလိုလုပ်တာဟာ ကောင်းကျိုးဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရွန်နီအတွက် ပြဿနာရှိနေပါတယ်။ ဒါကြောင့် သူ့ကို အားလပ်ရက်ခရီးထွက်ဖို့ ကျွန်တော်ပြောမှာပါ။ ရွန်နီဂိုးမသွင်းနိုင်ရင် လူတိုင်းဒါကိုပြောချင်ကြတယ်။ တခြားအသင်းတွေ ဘာလို့ဂိုးမသွင်းနိုင်လဲဆိုတာကိုလည်း ဝေဖန်လို့ရပါတယ်။ သူဂိုးတွေပြန်သွင်းယူနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ သူဟာ ကျွန်တော်တို့အသင်းခေါင်းဆောင်ဖြစ်သလို တစ်သင်းလုံးရဲ့စံပြကစားသမားပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် တောင်ပံကစားသမားမာရှယ်မှာ ရေရှည်တွင် တိုက်စစ်မှူးတစ်ဦးဖြစ်လာနိုင်ကြောင်းနှင့် ယနေ့ညတွင်ယှဉ်ပြိုင်မည့် CSKAမော်စကိုနှင့်ပွဲတွင် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။
Next : နည်းပြကို ကစားသမားများ ဖီဆန်သည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ဖာဘရီဂတ်စ်ငြင်းဆို