ဘိုလော့ဂ်နာနည်းပြသစ်အဖြစ် ဒိုနာဒိုနီခန့်အပ်တာဝန်ပေးခံရ
|
စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းသည် ပွဲစဉ် ၁၀အဖြစ် အင်တာမီလန်နှင့်ရင်ဆိုင်ခဲ့သည့်ပွဲတွင် ၀-၁ ဖြင့်အရေးနိမ့်ခဲ့သောကြောင့် နည်းပြရော့စီအား ရာထူးမှရုတ်တရက်ထုတ်ပယ်ခဲ့ပြီးနောက် အီတလီဝါရင့်နည်းပြဒိုနာဒိုနီအား နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ် တာဝန်ပေးအပ်ခဲ့ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
တန်းတက်ဘိုလော့ဂ်နာသည် ပွဲစဉ် ၁၀ ကစားပြီးချိန်အထိ ဖရိုဆီနွန်၊ ကာပီအသင်းတို့ကိုသာ အနိုင်ရရှိခဲ့ပြီး အင်တာမီလန်အား အိမ်ကွင်းတွင် အရေးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်နိုင်ခြင်းမရှိသဖြင့် နည်းပြရော့စီနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစောပိုင်းကာလတွင် နည်းပြသစ်အဖြစ် ဘိုလော့ဂ်နာ ယူ-၁၇ အသင်းနည်းပြ ပေါ်လိုမက်ဂ်နာနီဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း နာရီပိုင်းအကြာတွင် အီတလီလက်ရွေးစင်နည်းပြဟောင်းဖြစ်သူ ဒိုနာဒိုနီအား ၂ နှစ်စာချုပ်ဖြင့် အပြီးသတ်စာချူပ် ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း ဘိုလော့ဂ်နာအသင်းက သတင်းထုတ်ပြန်ခဲ့သည်။
နည်းပြသစ်ဒိုနာဒိုနီကို နိုဝင်ဘာလအတွင်းကစားမည့် အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများဖြစ်သည့် အတ္တလန္တာ၊ ရိုးမား၊ တိုရီနိုအသင်းများနှင့် ပွဲစဉ်များတွင် ရလဒ်ကောင်းများရရှိရန် အသင်းတာဝန်ရှိသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။
Next : ရီးရဲလ်နှင့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်လူ မာရှေယာနို ပါဝင်ကစားနိုင်မည်