လမ်းမှာ အိပ်တဲ့ ယုန်တွေ မျိုးပွားမလာဖို့
|
‘ ခေတ်ကပြောင်းနေပြီ၊ ပြောင်းသောခေတ်သည် စာအုပ်မဖတ်၊ စာအုပ်ဖတ်သောခေတ် မဟုတ်တော့။ တစ်ချိန်က ‘ရသစာပေသေဆုံးခြင်း’ ဆိုပြီး ကျွန်တော်တို့မှာ စာတမ်းတွေ ရေးတင်လို့မဆုံးကြ။ စာအုပ်ဆိုင်တွေပေါ် ‘တက်ကျမ်း’ တွေ အလုအယက်ရောက်လာကြသည်။ ဘ၀အောင်မြင်ရေး ဒိုင်ယာလော့ခ်တွေကြားမှာ မျောလို့၊ ပါလို့။ အရှုံးမပေးနဲ့ မိငယ်ရေ.. တွေချည်းပဲဖြစ်လာသည်။
ဘယ်သူကြည့်ကြည့် ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ လမ်းသလားနေကြသလို၊ မဖြစ်နိုင်ဘူးဆိုတာ သေချာနေပြီလား ဆိုသော မေးခွန်းတစ်ခုကို ကလေးငယ်တွေတောင် အလွတ်ရနေကြပေါ့။ အောင်နိုင်ရေး နည်းလမ်းများ၊ လဲကျနေရာက ပြန်လာခြင်းများ၊ အရှုံးမှအနိုင်သို့ ကူးပြောင်းရေး ဦးထုပ် ၁၆လုံး၊ စသည်ဖြင့်။ လူတိုင်းဖတ်သော တက်ကျမ်းတွေနှင့်အတူ လူတိုင်းသိသော တက်လမ်းတွေအောင်မြင်ပါရဲ့လား..။
ဒီရာသီ ပရီးမီးယားလိဂ်မှာ တက်ကျမ်းစာအုပ်ကြီးဘေးချပြီး ကစားနေသလို အသင်းတစ်သင်းမြင်တွေ့ရပါသည်။ ဘယ်အခြေအနေ၊ ဘယ်လိုနစ်မွန်းမှု မျိုးကြုံတွေ့နေရပါစေ၊ တိုက်ခိုက်အောင်နိုင်ရေးစိတ်ဓာတ်ဖြင့် မှန်ကန်သော ဆိုက်ရောက်မှုဆီ ခိုဝင်နားနိုင်ကြမြဲ။
‘လက်စတာ’လေ။
ရာသီအစမှာ ပရီးမီးယားလိဂ်သို့ နည်းပြဟောင်း၂ဦးပြန်လည် ရောက်ရှိလာခဲ့သည်၊ တစ်ဦးက မက္ကလာရင်၊ နယူးကာဆယ် ဆီသို့။ နောက်တစ်ဦးက ရေနီယာရီ။ လက်စတာ ဆီသို့။ ပီယာဆန်ထားခဲ့သော သာမန်အသင်းတစ်သင်းထက် ပိုသည်ဆိုရုံ လက်စတာလို အသင်းမျိုး ရေနီယာရီနှင့် လက်တွဲရခြင်းအတွက် အိပ်မက်ကောင်း မက်ခွင့်ရတာပဲဟု ကျွန်တော် ယုံလည်းယုံ၊ ရေးလည်းရေးခဲ့ဖူးသည်။ အရှုံးတွေစင်မသွားနိုင်ပါဘူး။ လမ်းပျောက်နေသော မြေခွေးတွေ ကျွန်တော်တို့မြင်တွေ့နေရဦး မည်သာဖြစ်သည်။ တစ်ပွဲနိုင်မည်။ တစ်ပွဲထက်မက ရှုံးပွဲများပြန်တွေ့လိမ့်ဦးမည်။ လက်စတာသည် တန်းဆင်းရဖို့ ပူပန်နေသော လက်စတာမဖြစ်နိုင်တော့။ ကျွန်တော်အဲ့ဒီလိုပဲတွေးလို့ရခဲ့သည်။
သို့သော် သူတို့သည် ပထမဆုံးရှုံးပွဲကို ပွဲစဉ်(၈)ကျမှ အာဆင်နယ်နှင့် အတွေ့မှာ ရင်ဆိုင်ရလေသည်။ အခုလိုပွဲစဉ် ၉အပြီးမှာ ရောက်နေသော အဆင့်က၅။ ဘယ့်နှယ်ပါလိမ့်။ ပြီးတော့ အဆင့်၅ တွင် အတည်ပေါက် ရပ်တည်နေသော အသင်းက ပေးဂိုး ၁၇ဂိုး ပေးထား ရပြန်သေးသတဲ့။ သူတို့ထက် ဂိုးပိုပေးထားသော အသင်းဆိုလို့ နောဝစ်ခ်ျ၊ နယူးကာဆယ်နှင့် ဆန်းဒါးလန်းတို့လားရှိတော့သည်။ တကယ့် အဆန်းတွေပဲ။ ထို့ပြင် သွင်းယူထားသော ဂိုးများကြည့်တော့လည်း သူတို့ထက် အလုပ်ပိုဖြစ်ခဲ့သော အသင်းများဆိုလို့ မန်စီးတီးနှင့် ဝက်စ်ဟမ်းသာရှိသည်။ ရေနီယာရီတင်သွင်းလာသောပြဇာတ် အမည်ကိုပဲ ကျွန်တော်တို့ အချိန်တိုင်း လိုက်ဖတ်နေခဲ့ရပြီ။ ဒီပြဇာတ်မျိုး သူဘယ်လိုများ တင်ဆက်နိုင်ခဲ့တာပါလိမ့်။ ကျွန်တော်တို့ဖြတ်သန်းခဲ့ဖူးပြီဖြစ်သော ပရီးမီးယားလိဂ်သမိုင်းမှတ်တမ်းများတွင် ဒီလိုအသင်းမျိုး မကြုံတွေ့ဖူးခဲ့တာ သေချာသည်။
ရေနီယာရီလို ဥရောပတစ်ခွင် လှည့်လည် နည်းပြခဲ့သူတစ်ဦး အနေဖြင့် သူ့အသင်းသစ်၏ အားသာချက်၊ အားနည်းချက်များကို ရှာမတွေ့နိုင်ဖို့ ဘာအကြောင်းမှရှိမနေပါ။ ခံစစ်က စကြည့်လျှင် ဂိုးသမား ကက်စ်ပါရှမိုက်ကယ်သာ မကယ်ခဲ့ပါက သူတို့အခုထက် ဂိုးတွေရွှဲရွှဲစိုနေကြဖို့ပဲ ရှိပါသည်။ အဓိက ဗဟိုနောက်ခံလူနှစ်ဦးဖြစ်သော ရောဘတ်ဟုခ်ျနှင့် ဝက်စ်မော်ဂန်တို့ နှစ်ဦးလုံး ၃၁ နှစ်စီရှိနေကြပြီ။ ငယ်ရွယ်သော ခံစစ်မှုးများ မဟုတ်ကြတော့ဟု သံသယတစ်ဝက်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သလို အခြားတစ်ဖက်က ကြည့်လျှင်လည်း ခံစစ်မှုးတစ်ဦး၏ အကောင်းဆုံးအသက်အရွယ်ထဲ ရောက်ရှိနေကြသူများဟု ဆိုလို့လည်း ရနိုင်ပါသေးသည်။ သို့သော် ဂျမေကာခံစစ်မှုး ဝက်စ်မော်ဂန်က အသင်းကြီး အတွေ့အကြုံမရှိ။ နော်တင်ဟမ်ဖောရက်စ်နှင့် လက်စတာမှာသာ ကစားသမားကို ကုန်ဆုံးခံတော့မည့် ပုံစံမျိုးရှိခဲ့ပြီး လက်ရှိကြုံနေရသော ဖိအားမျိုး သူခံစားဖူးခြင်းမရှိခဲ့။ ရောဘတ်ဟုခ်ျ ကျတော့လည်း ချဲယ်ဆီးမှာ ကစားဖူးသည် ဆိုပေမယ့် အရန်ကစားသမား အဆင့် ထက်ပိုခဲ့တာမဟုတ်။ ကံအားလျော်စွာ ပွဲထွက်ကစားခွင့် ရခဲ့သောပွဲများတွင်ပင် အမှားအယွင်း လုပ်ခဲ့သည်တွေက ဖျောက်ဖျက်လို့ရနိုင်ဦးမည့်သူ မဟုတ်ပါ။ မစ်ဒယ်ဘရော့နှင့် စတုတ်စီးတီးအသင်းများသို့ ရောက်သွားသောအခါ သူ့အဆင့်နှင့် ဒီလောက်ဆို အတော်ပဲ အထင်ရောက်ခဲ့ကြဖူးပြန်ပေမယ့် ဘာမှဖြစ်လာအောင် လုပ်ပြနိုင်ခြင်း မရှိခဲ့သူဖြစ်သည်။ ရေနီယာရီ မသိမဟုတ်၊ သိနိုင်လိမ့်မည်သာ၊ သို့သော် သူ့တွင်ရွေးရန်မရှိ။ ဆင်ပဆင်၊ ဒီလတ်စသော ကစားသမားတွေက ရေနီယာရီဆွဲတင်နေနိုင်သည် များက သူတို့အတွက်မြင့်သလိုဖြစ်နေတုန်း။
ဒီတော့ အသုံးမကျသော ခံစစ်ကို တိုက်စစ်ဖြင့်ကာဖို့ ဆေးမြီးတို နည်းအားဖြင့် ရေနီယာရီ ဆုံးဖြတ်နိုင်ခဲ့သည်။ ပီယာဆန် လက်ထက်မှာကတည်းက ထွန်းကားလာဖို့ အသွင်သဏ္ဍာန်များရှိနေသော မာရက်ဇ်၊ ဗာဒီတို့နှစ်ယောက်နှင့် တွဲဖက်ပေးဖို့ နာသန်ဒိုင်ယာ၊ အိုကာဇာကီတို့ကို ဝယ်ယူပြီး အားဖြည့်ခဲ့သည်။ သူ့လက်ထဲတွင် ဒရင့်ဝါးတား(အင်္ဂလန်)၊ ရှာလပ်(ဂါနာ)၊ အယ်လ်ဘရိုက်တန်(အင်္ဂလန်)တို့ကလည်း လုပ်အားနှုန်း ပိုမိုကောင်းမွန် လာခဲ့ကြတာ သေချာသည်။ ရေနီယာရီသည် မအောင်မြင်သော ခံစစ်နှင့်အတူ ဂိုးတွေပေးနေရမှာ ကြောက်ပြီး ထိန်းကစားနေလျှင် ရသင့်သောအမှတ်များပင် ဆုံးရှုံးပြီး အသင်းကလည်း သာမန်ရုပ်ထွက်ထက် ပိုမည်မဟုတ်ဆိုတာကို မြင်နိုင်ခဲ့သည်။ ဒီတော့ ဘယ်အသင်းနှင့်တွေ့တွေ့၊ ဖွင့်ကစားနေသော လက်စတာများကို သာမြင်တွေ့ကြရလေသည်။ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သောပွဲတွင်လည်း အဖွင့်ဂိုးကို သွင်းနိုင်ခဲ့သေးပေမယ့် အာစင်ဝင်းဂါးက နည်းဗျူဟာပိုင်းအရ အနိုင်ယူခဲ့လို့သာ ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ သူတို့ကို စိတ်တိုင်းကျ တိုက်စစ်ဆင်ခွင့်ပေးခဲ့ပြီး ယုံကြည်မှုတစ်ခုဖြင့် ကျွံထွက်လာချိန်များတွင် လျင်မြန်သော တန်ပြန်တိုက်စစ်ဆင်မှုများ မှတစ်ဆင့် ၅ ဂိုးတိတိသွင်းယူနိုင်ခဲ့လို့သာ အခုလိုရှုံးနိမ့်ရလေခြင်း။
တကယ်တော့ သူတို့တွင် အံ့သြစရာ အကောင်းဆုံးက ရှုံးနေရာမှ ပြန်လိုက်ခဲ့ကြသော ပွဲများ ၅ ပွဲတိတိရှိခဲ့ခြင်းပဲဖြစ်သည်။ ပထမဆုံးပွဲက စပါးနှင့်ပွဲ။ ၈၁ မိနစ်တွင် စပါးကွင်းလယ်လူအလီက ဦးဆောင်ဂိုးသွင်းသည်။ တစ်မိနစ်သာခြားပြီး မာရက်ဇ်က ချေပနိုင်ခဲ့လေသည်။ ဘုန်းမောက်နှင့် ပွဲမှာလည်း ကယ်လွန်ဝီလ်ဆင်၏ ဦးဆောင်ဂိုးကို ဗာဒီ၏ နောက်ကျ ပင်နယ်တီဖြင့် ချေပနိုင်ခဲ့သည်။ နောက်တစ်ပွဲကျတော့ ပုံမှန်မှဟုတ်သေးရဲ့လား ကျွန်တော်တို့ မတွေးဘဲ မနေနိုင်ကြတော့။ ဗီလာ၏ ဦးဆောင်ဂိုး နှစ်ဂိုးကို ချေပနိုင်ရုံမက အနိုင်ဂိုးပင်သွင်းယူ နိုင်ခဲ့ပြန်သည်။ ဗာဒီပဲ၊ ၂၈ နှစ်ရှိပြီဖြစ်သော အင်္ဂလန် တိုက်စစ်မှုးတစ်ဦး၏ ဂိုးသွေးကြွမှုကို ကျွန်တော်တို့ အထချင်းချင်း လက်တို့ကြရလေပြီ။ ကပ်လျက်ကစားသော စတုတ်စီးတီးနှင့်ပွဲမှာ ကာကစ်နှင့် ဝေါ်လ်တာတို့ ဂိုးတွေလည်းသွင်းလိုက်ရော ‘ပွဲသိမ်း’ဟု ကျွန်တော်တို့ လက်ချင်းရိုက်ဖြစ်ခဲ့ကြသည်။ ဒီတစ်ခါတော့ သူတို့ပြန်လာနိုင်တော့ပါဘူး။ ပြိုင်ဘက်က စတုတ်၊ ကစားနေတာက အဝေးကွင်း။ ပြီးပြီပေါ့။ သို့သော်၆၉ မိနစ်အရောက်မှာ ချေပခြင်း အမှုပြီးဆုံးခဲ့ပြီ။ နောက်ဆုံးပွဲကတော့ လတ်လတ်ဆတ်ဆတ်၊ စိန့်မေရီမှာ သူတော်စင်တို့၏ ဦးဆောင်ဂိုးနှစ်ဂိုးကို မိနစ် ၉၀ အရောက်မှာ အမှားအယွင်းမရှိ ချေပနိုင်ခဲ့ကြပြန်သည်။ လွန်သွားပြီ။ သိပ်ကိုနားလည်ရန် ခက်ခဲသော အမှတ် လိုက်ခန်းတွေလို့ပဲ ပြောရတော့မည်ထင်သည်။ ဒီပွဲတွေသည် ရေနီယာရီဖတ်ခဲ့သော တက်ကျမ်းတွေထံမှ ခုန်ဆင်းလာ ခဲ့ကြလေသလား..
ဒါမှမဟုတ်လည်း ဒီ၅ ပွဲအကြောင်း တက်ကျမ်းဆရာတို့ ရသွားလျှင် ကောင်းစွာမှီငြမ်း ပြောဆိုနိုင်ကြတော့မည် ထင်သည်။ ဘယ်တော့မဆို အလွယ်တကူ အရှုံးမပေးတတ်ဖို့၊ ဘယ်အချိန်၊ ဘယ်လိုအခြေအနေ မှာမဆို ‘ငါတို့ပြန်မလာနိုင်ကြတော့ဘူး’ စိတ်မမွေးဖို့၊ ဘယ်လိုပြိုင်ဘက်မျိုးဖြစ်ပါစေ၊ ငါတို့ကျော်ဖြတ်နိုင်ရမယ် ဆိုသော စိတ်မွေးဖို့ဆို တာတွေ အားလုံးလှပါသည်။ ဖတ်ဖို့၊ မှတ်ဖို့၊ သိမ်းဆည်းဖို့တောင်ကောင်းသေးတော့တာ။ သို့သော် ကျွန်တော်ကတော့ အဲ့ဒီလိုသေချာမှုမျိုးကို မုန်းပါသည်။ လုပ်တိုင်းသာ လိုချင်သလိုဖြစ်မည်ဆိုလျှင် လိပ်နှင့် အပြေးပြိုင်သောယုန်လို လမ်းတစ်ဝက်မှာ ကျွန်တော်တို့ အေးရာအေးကြောင်း အိပ်နေလိုက်ကြဦးမလား။ အချိန်တန်လျှင် ပြန်လိုက်နိုင်မှာပဲ၊ ကံကောင်းလျှင် ကျော်ဖြတ်အနိုင်ရနိုင်သည်။ ကျွန်တော်သည် လက်စတာ၏ အရည်အသွေးကို လည်းကောင်း၊ ‘ဇွဲမလျှော့တတ်သူများ’ အကြောင်းကိုလည်းကောင်း ယုံကြည်မှုရှိပါသည်။ သို့သော် အဲ့ဒီအမှန်တရားသာ ကမ္ဘာတည်နေလျှင် လမ်းခုလတ်မှာ အိပ်သောယုန်တွေ မျိုးပွားကုန်တော့မည်။ ထားလိုက်ပါကွာ၊ နောက်မှ လုပ်ကြတာပေါ့ဆိုပြီး ဝီရိယကို တစ်ဝက်ချိုးကုန် ကြလိမ့်မည်။ ကျွန်တော် မှားချင်လည်းမှားမည်။ လက်စတာရှုံးနေပြီး ပြန်မလိုက်နိုင်သော ပွဲတစ်ပွဲတော့ အမြန်ဆုံးပင် ကြည့်ချင်စမ်းလှပါရဲ့..။
Next : စပိန်တွင်ကစားရန် ဆန္ဒရှိကြောင်း အူဘာမီယန်ဖွင့်ဟ