ကစားသမားသစ်များ ထပ်မံရောက်ရှိရန် နီးစပ်နေသည်ဟု မန်ယူဖွင့်ဟ
|
လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များထပ်မံရောက်ရှိရန် နီးစပ်နေကြောင်း မန်ယူအသင်းက ဖွင့်ဟခဲ့ပြီး အဆိုပါကာလသည် အလုပ်ပိုလုပ်ရမည့်အချိန်ဖြစ်သည်ဟု နည်းပြဗန်ဟားလ်က အတည်ပြုပြောကြားခဲ့သည်။
မန်ယူနည်းပြဗန်ဟားလ်က ယခုနွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ခဲ့သည့် ကစားသမားများနှင့် လက်တွဲရသော်လည်း ပျော်ရွှင်သော်လည်း ကစားသမားသစ်ရှာဖွေမှုကို ရပ်တန့်မည်မဟုတ်ဟု ဆိုခဲ့သည်။
ယခုသတင်းကြောင့် မကြာမီရောက်ရှိမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် မန်ယူပရိသတ်များအနေဖြင့် အိုးထရက်ဖို့ဒ်၌ ကစားသမားသစ်များ မြင်တွေ့ခွင့်ရရန် ပိုမိုမျှော်လင့်နိုင်တော့မည်ဖြစ်သည်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ မာရှယ်၊ ရိုမီယို၊ ရှနိုက်ဒါလင်၊ ဒါမီယန်၊ ရှဝိန်းစတိုင်ဂါနှင့် ဒီပေးတို့ပြောင်းရွှေ့ရောက်ရှိခဲ့သော်လည်း နည်းပြဗန်ဟားလ်က လျင်မြန်မှုရှိပြီး ဂိုးဖန်တီးနိုင်မှု အများအပြားပြုလုပ်နိုင်ရန်အတွက် ကစားသမားသစ်ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဗန်ဟားလ်က ”အပြောင်းအရွှေ့ရာသီနဲ့ပတ်သက်ပြီးပြောရရင် အခုနွေရာသီမှာ ကျွန်တော်လိုချင်တဲ့ ကစားသမားတွေကို ဈေးကွက်အနေအထားကြောင့် မခေါ်ယူနိုင်ခဲ့ပါဘူး။ အသင်းနဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့မှာ တိုက်စစ်အတွက် လျင်မြန်တဲ့ကစားသမားတွေနဲ့ ဖန်တီးနိုင်တဲ့သူတွေလိုအပ်နေသေးတယ်။ ကျွန်တော်ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ခြေစွမ်းကို ကြိုက်ပေမယ့် ဒီထက်ကောင်းဖို့ လိုသေးတယ်။ ကျွန်တော်လိုချင်တဲ့ ကစားသမားတွေ ရောက်လာမယ်လို့ ကျွန်တော်ထင်တယ်။ ဒီကိစ္စဟာ ကစားသမားတွေဖြေရမယ့် ပုစ္ဆာမဟုတ်ဘူး။ သူတို့ကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ ကလပ်တွေဖြေရမယ့် မေးခွန်းပါ” ဟု ပြောကြားခဲ့သည်။
နည်းပြဗန်ဟားလ်မှာ မန်ယူအသင်းကို စတင်တာဝန်ယူသည့်နေ့မှစ၍ ၁၈ လကျော် ကာလအတွင်း အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင် သန်း ရာနှင့်ချီ၍ သုံးစွဲထားသည်။
Next : ဂျာဂျယ်ကာဒဏ်ရာရရှိမှုမှာ ကြီးမားသောဆုံးရှုံးမှုဟု အဲဗာတန်နည်းပြ ဆို