မြန်မာ ယူ-၂၁ နည်းပြချုပ် အဲရစ်ဝီလျံနှင့်တွေ့ဆုံခြင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အဲရစ်ဝီလျံ

အောင်သော်ဖြိုး တွေ့ဆုံမေးမြန်းသည်။

“ကိုယ့်ပြိုင်ဘက်ကို မလေးစားရင်၊ ကိုယ့်ပြိုင်ဘက်လို ပြင်းပြတဲ့စိတ်ဓာတ်မျိုးထားပြီး မကစားနိုင်ရင် အခုလိုဖြစ်မှာပဲလေ”

ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် International U-21 Thanh Niên Newspaper Cup 2015 ကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၁ အသင်းဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးကွင်းမှာ ဒီနေ့ညနေ ၃ နာရီ ၃၀ မိနစ်မှာ ခြေစမ်းကစားခဲ့ပြီး ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ယူ-၂၁ နည်းပြချုပ် အဲရစ်ဝီလျံကို တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ နည်းပြချုပ်က ကစားသမားတွေဟာ ပြိုင်ဘက်အသင်းအပေါ် လေးစားမှုမထားတာကို ထည့်သွင်းပြောကြားသွားပါတယ်။

ဒီနေ့ခြေစမ်းပွဲမှာ အသင်းကစားပုံကို ဘယ်လိုမြင်လဲ။

ဒီနေ့ခြေစမ်းပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ပွဲအရှိန်အပေါ် ကျွန်တော်နည်းနည်းစိတ်ပျက်တယ်။ ကစားသမားတချို့ရဲ့ပွဲအပေါ်ထားတဲ့ သဘောထားတွေကိုလည်း ကျွန်တော်နည်းနည်းစိတ်ပူတယ်။ ကိုယ့်ပြိုင်ဘက်ကို မလေးစားရင်၊ ကိုယ့်ပြိုင်ဘက်လို ပြင်းပြတဲ့စိတ်ဓာတ်မျိုးထားပြီး မကစားနိုင်ရင် အခုလိုဖြစ်မှာပဲလေ။ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိသေးမှန်း သိပေမယ့်….။ သူတို့က အကောင်းဆုံးကစားသမားတွေလို့ ကျွန်တော့်ကို ပြောထားကြတယ်။ ဗီယက်နမ်ပြိုင်ပွဲကို သွားကစားဖို့ ဒီကစားသမားတွေကို ရွေးထားတယ်။ အသင်းကောင်းတစ်သင်းဖြစ်အောင် တည်ဆောက်ဖို့က ကျွန်တော့်တာဝန်ပါ။ လေ့ကျင့်ခန်းက တစ်ရက်ပဲ ဆင်းရသေးပြီး တချို့ကစားသမားတွေ မပါခဲ့ဘူး။ ဒီနေ့မှ အကုန်ရောက်လာကြတာပါ။ အဲဒါကြောင့် သူတို့အားလုံး တွဲမကစားဖူးကြသေးဘူး။ အဲဒါကြောင့် ဒီအသင်းကို ဗီယက်နမ်မှာ အကောင်းဆုံးဖြစ်ဖို့ ပြန်ပြင်ဆင်နိုင်ပါပြီ။

ဗီယက်နမ်ပြိုင်ပွဲကို ဘယ်လိုမြင်လဲ။
အရမ်းခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း ယူ-၂၁ ပါတယ်။ ယူ-၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ထားတဲ့ တောင်ကိုရီးယား ယူ-၁၉ ပါမယ်။ ဗီယက်နမ်အသင်းကောင်း ၂ သင်းပါတယ်။ စင်ကာပူ ယူ-၂၁ အသင်းကလည်း ခြေစွမ်းခြေစရှိတယ်။ အကြိတ်အနယ်ကစားရမယ့်ပွဲတွေဆိုတာတော့ သေချာတယ်။ အဲဒီတော့ ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့ခြေစွမ်းကို အခုထက်ပိုကောင်းအောင် လုပ်ရမယ်။

အသင်းကစားသမားတွေရဲ့ခြေစွမ်းကို သဘောကျလား။
ဒီနေ့လား…။ ဟင့်အင်း။ ဒီနေ့ခြေစွမ်းတွေကို သိပ်သဘောမကျဘူး။ ဒါပေမဲ့ အခုထက်ပိုပြီး ပုံမှန်အတိုင်း ဆက်လေ့ကျင့်ရင်း၊ ကျွန်တော့်ခင်းမယ့် ကစားကွက်တွေနဲ့စမ်းသပ်ရင်း၊ ကျွန်တော့်နည်းစနစ်တွေကို ကစားသမားတွေနားလည်လာမှုနဲ့အတူ အခုထက် ပိုတိုးတက်လာမယ်လို့ မျှော်လင့်ထားတယ်။ အောင်မြင်မယ်လို့ မျှော်မှန်းထားတယ်။ ရာခိုင်နှုန်းတော်တော်များများ တိုးတက်လာမယ်လို့ မျှော်လင့်တယ်။

ဒီအသင်းကို သန်းပိုင်ရောက်လာတာ ဘယ်လိုမြင်လဲ။
သူက လူငယ်ကစားသမားဖြစ်နေလို့ ကျွန်တော်တောင်းလိုက်တာပါ။ ဒါပေမဲ့ သူက ငယ်လွန်းနေတော့ ပုံမှန်ကစားခွင့်မရဘူး။ အဲဒီတော့ ပွဲကစားဖို့ကြံ့ခိုင်မှု နည်းနေတယ်။ အဲဒါကြောင့် သူ့ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ပေးရမယ်။ ကျွန်တော်တို့အတွက် သူအကောင်းဆုံးကစားပေးနိုင်မှာ သေချာတယ်။ ကစားသမားတိုင်း အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ကစားသမားတွေအကြောင်းသိဖို့ ကျွန်တော်အချိန်ယူရမယ်။ ပြန်လွှတ်ရမယ့်ကစားသမားတွေ၊ အဆင်ပြေတဲ့ကစားသမားတွေ၊ အများကြီးကြိုးစားရဦးမယ့်ကစားသမားတွေကို ကျွန်တော်မြင်ထားတာတော့ ရှိတယ်။ နောက် ၁ ပတ် ၂ ပတ်တော့ စောင့်ကြည့်ရမယ်။ ကျွန်တော်တို့က ၁၈ ရက်နေ့မှ သွားမှာလေ။ နိုဝင်ဘာ ၃ ရက်၊ နိုဝင်ဘာ ၉ ရက်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွေမှာ အစီအစဉ်တွေရှိတယ်။ ပြီးရင် ၁၈ ရက်နေ့ ဒီကထွက်မယ်။ နိုဝင်ဘာ ၉ ရက်ကျရင် အရမ်းအရမ်းတိုးတက်လာတာကို မြင်ရမယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်။ နောက်တစ်ဆင့်တက်ဖို့အတွက် ပထမဆုံးပွဲကို နိုင်မှဖြစ်မယ်ဆိုတော့ ၁၅ ရက်နေ့ကျရင် ကျွန်တော်တို့ခြေစွမ်း အမြင့်ဆုံးမှာရှိနေရမယ်။ အုပ်စုအဆင့်မှာ ထိပ်ဆုံး ၂ သင်းပဲ ဆီမီးဖိုင်နယ်တက်မှာလေ။ အုပ်စုမှာ အဆင့် ၃၊ ၄ နေရာတွေမှာ မရပ်တည်ချင်ဘဲ ဆီမီးဖိုင်နယ်တက်ချင်တယ်။ ကျွန်တော်တို့ အခြေအနေကောင်းမယ်ထင်ပါတယ်။ ဒဏ်ရာပြဿနာမရှိဘဲ ကစားသမားအားလုံး ကောင်းကောင်းကစားနိုင်စေချင်တယ်။

comments

error: Content is protected !!