သမိုင်းဝင်သွင်းဂိုးရှင်ရဲ့ ကောက်ကြောင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
use1
ယူအေအီးဘက်သို့ သန်းပိုင်ဂိုးသွင်းယူနေစဉ်နှင့် အောင်ပွဲခံပုံရိပ်များ။

အောင်သော်ဖြိုး။

မြန်မာယူ၁၉အသင်းကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်တစ်ယောက် ဘောလုံးကာထားသည့် ယူအေအီးနောက်ခံလူအီဘရာဟင်အား ကျော်ဖြတ်ကာ ထပ်မံဖိအားပေးနေသည့်ကြားမှ တွန်းတိုက်ရယူ ဆွဲပြေးလာရင်း ဂိုးရှေ့သို့ ဘောလုံးကို မျောထိုးပေးလိုက်သည်။ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ပိန်ပိန်းပါးပါးလူငယ်တစ်ဦးက  ခန္ဓာကိုယ်တောင့်တင်းသည့် ယူအေအီးနောက်ခံလူအဲလ်ဟာမက်ဒီကို ကျော်ဖြတ်ပြီး ဘောလုံးနှင့် ပိုက် မိတ်ဆက်ပေးလိုက်သည်။ ဂိုး..ဂိုး…ဂိုး…ဟု သုဝဏ္ဍကွင်းထဲရောက် မြန်မာဘောလုံးပရိသတ်ကြီး၏ အော်ဟစ်သံက ကွင်းလုံးပြည့်လျှံထွက်ကျလာသည်။

ထိုနေ့က မြန်မာဘောလုံးသမိုင်းကြောင်းကို အမြဲအမှတ်ရနေစေမည့်နေ့။ တနည်းဆိုရလျှင် နယူးဇီလန်တွင် ကျင်းပသည့် ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့်နေ့။ ရက်ကား၂၀၁၄ အောက်တိုဘာ၁၇ရက်။ မြန်မာ၁-၀ ယူအေအီး (သန်းပိုင်)ဆိုသည့် ကွင်းအတွင်းကြေညာသူအသံက ဟိန်းထွက်လာသည်။မြန်မာဘောလုံးပရိသတ်များ သန်းပိုင်ဆိုသည့် နာမည်အဆုံး ဟေးခနဲ ထပ်အော်ဟစ်လိုက်ကြသည်။

ယင်းသို့ မြန်မာ့ဘောလုံးသမိုင်းကြောင်းကို တခေတ်ဆန်းစေခဲ့ရာတွင် ဂိုးသွင်းခဲ့သူ သန်းပိုင်ဆိုသည့် လူငယ်လေးတစ်ယောက်နာမည်က မြန်မာဘောလုံးပရိသတ်ပါးစပ်ဖျားတွင်ရေပန်းစားလာခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့သား သန်းပိုင်မှာ မြန်မာဘောလုံးပရိသတ်ထု၏အချစ်တော်ဖြစ်လာခဲ့သည်။ ပရိသတ်ကြားရေပန်းစားလာခဲ့သည့် သန်းပိုင်မှာ ပရ်ာဖက်ရှင်နယ်ဘောလုံးသမားဘ၀တစ်ယောက်အဖြစ်မရောက်ခင် ဘ၀က အထစ်အငေါ့များစွာ။

နယ်မြို့ငယ်လေးဖြစ်သည့်အတွက် ကစားဖော် အများအပြားမရှိသည့် သူ့အတွက် တစ်ဦးတည်းသာ ဘောလုံးကစားခဲ့ရပြီးမိခင်ဖွင့်ထားသည့် မုန့်ဟင်းခါး၊ရှမ်းခေါက်ဆွဲ ရောင်းချသည့် ဆိုင်လေးကို နေ့စဉ်စောင့်ပေးရင်း မကြာခဏ ခိုးထွက်ကာ ဘောလုံးကန်ခဲ့ရသည့်ဘဝမှ  မြန်မာဘောလုံးပရိသတ်များ၏ အချစ်တော် ဘောလုံးသမား ဘဝသို့ အခက်အခဲများစွာကြားမှ တက်လှမ်းလာသူမှာ မြန်မာ့လက်ရွေးစင်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းမှ တိုက်စစ်မှုး သန်းပိုင် ဖြစ်သည်။

ဒီဇင်ဘာ၆ရက် ၁၉၉၂ခုနှစ်တွင် သန်းပိုင်ကို မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ရှမ်းပြည်နယ် လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဖိုးတွန် နှင့် မုန့်ဟင်းခါး၊ရှမ်းခေါက်ဆွဲ ဆိုင်ရှင် မိခင် ဒေါ်ခမ်းပွဲ တို့၏ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။

သာမန်မိသားစုလေးတစ်စုဖြစ်သည့် သန်းပိုင်၏ မိသားစုလေးတွင် မိခင်ဖြစ်သူက ညဈေးတွင် မုန့်ဟင်းခါး၊ရှမ်းခေါက်ဆွဲ ရောင်းချသည့် ဆိုင်လေးဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေပြီး မခင်ဖြစ်သူမှာ လေဖျန်းရောကို ခံစားနေရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ရာ သန်းပိုင်တို့ ညီအကို သုံးယောက်က မိခင်၏ မုန့်ဆိုင်လေးတွင် ဝိုင်းကူညီလုပ်ကိုင်ရသည်။

ဖခင်ဖြစ်သူ ဘောလုံးကန်သည့်ပွဲများကို ငယ်စဉ်ကလိုက်လံ ကြည့်ရှုရင်း ဘောလုံးကို ဝါသနာပါလာခဲ့ပြီး အလယ်တန်း ကျောင်းသားဘဝတွင် ကျောင်းလက်ရွေးစင် အဖြစ်စတင်ကာ ရွေးချယ်ခံခဲ့ရသည်။

နယ်မြို့ဖြစ်သည့်အတွက် ပြိုင်ပွဲအများအပြားမရှိသော်လည်း ကျောင်းပွဲ၊ ကလပ်ပွဲ နှင့် ရွာပွဲများ ကျင်းပသည့်အခါတိုင်း ဘောလုံးကို ဝါသနာ ကြီးသည့် သန်းပိုင် ပြိုင်ပွဲတိုင်းလိုလို ဝင်ရောက် ယှဉ်ပြိုင်လေ့ရှိသည်။

ငယ်စဉ်ကတည်းက တိုက်စစ်နေရာတွင်သာဆော့ကစားလေ့ရှိပြီး အ.လ.က (၂) သီပေါ ကျောင်းလက်ရွေးစင်ဘဝ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ကွင်းတဝက်သာသာလောက်မှ လှမ်းကန် ဂိုးသွင်းယူခဲ့ဖူးပြီး ယင်းဂိုးကို ယခုတိုင် မှတ်မှတ်ရရ ရှိနေခဲ့သည်ဟု သန်းပိုင်က ဆိုသည်။ဟိုဘက် ဂိုးသမားလဲ အရပ်ပုလို့ နေပါလိမ့်မယ် ဟု သန်းပိုင် က ရယ်မောရင်းပြောလိုက်သည်။

“အကိုတွေကန်တာကို  အားကျတယ်။ ငယ်ငယ်က အဖေဆော့တာတွေလိုက်ကြည့်တယ်။ လိုက်မေးတာပေါ့။

ဘောလုံးကန်ချင်ဘာတွေလုပ်ရလဲ။ ကျောင်းမှာ သင်တန်းတွေကလဲမဖွင့်ဘူး။ အဖေကပြောပြလိုက်။ အကိုတွေကန်တာ လိုက်ကန်လိုက်နဲ့ပဲ လေ့ကျင်ခဲ့ရတယ်” ဟု သန်းပိုင်ကဘောလုံးသင်ယူလေ့ကျင့် ခဲ့ရပုံကိုပြောသည်။

ဘောလုံးကစားခြင်းကို ဖခင်တစ်ဦးမှ လွဲပြီး ကျန်မိသားစုဝင်များမှ အားမပေးသော်လည်း ဆယ်တန်း ရောက်ရှိချိန်တွင် ပညာရေးကို ရပ်နားခဲ့ပြီး ဘောလုံးကစားခြင်းကို ပိုမိုအာရုံစိုက်ခဲ့သည်။

“၁ဝတန်းမှာ စာတော့လုပ်လိုက်သေးတယ်။ ဒါပေမယ့် မအောင်နိုင်တာသိလို့ ဆက်မဖြေတော့ဘဲ ဘောလုံးကို အာရုံစိုက်လိုက်တယ်”ဟု သန်းပိုင် ကဆိုသည်။

ဘောလုံးအပေါ်အာရုံစိုက်ကြိုးစားမှုကြောင့် ရှမ်းပြည်နယ် လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး ရန်ကုန်အသင်းတွင် ကစားနေသည် သူငယ်ချင်းများမှ လာရောက် ရွေးချယ်ခံရန် တိုက်တွန်းသဖြင့် ရန်ကုန်သို့တက်လာခဲ့သည်။

“နေရှင်နယ်လိဂ်ပေါ်လာတော့ လခစား ဘောလုံးသမား ဖြစ်ချင်တယ်လို့ အိပ်မက်မက်ဖူးတယ်။ လက်ရွေးစင် ကစားသမားအဆင့်ထိ မမှန်းဖူးဘူး” ဟု ၎င်းကဆိုသည်။

မိခင်နှင့် အဖွားဖြစ်သူက မသွားရန်တားမြစ်သော်လည်း ဒီတစ်ကြိမ်တွင် ဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီး ရန်ကုန်လူငယ် အသင်းတွင် လာရောက်ရွေးချယ်ခံခဲ့သည်။

ရန်ကုန်လူငယ်အသင်းမှ ရွေးချယ်အောင် အကောင်းဆုံး ကြိုးစားကစားခဲ့သော်လည်း နည်းပြအဖွဲ့ဝင်များက လိုအပ်ချက်အနည်းငယ်ရှိနေသေးသည်ဟု မှတ်ချက်ပြုခဲ့ပြီး လူငယ်အရန်အသင်း၏ ခြေစမ်းပွဲများတွင် ပါဝင်ကစားခွင့်ရခဲ့သည်။

“ဒီလိုမျိုး ဘောလုံးဘက်ကို တစိုက်မတ်မတ် လိုက်တော့မယ်ဆိုတော့ အိမ်ကသဘောမတူဘူး။ အဖေကတော့ ကိုယ်လမ်းကိုလျှောက်ရမှာပဲပေါ့။ အမေ၊အဖွားတို့ကချစ်တာဆိုတော့ ဘယ်မြို့မှ မသွားစေချင်ဘူး။ ကျွန်တော်ကလဲ ဒီတစ်ခေါက် ဖြစ်အောင်လုပ်မယ်ဆိုပြီး ထွက်ခဲ့တာ။ အောင်မြင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု သန်းပိုင်က ဆိုသည်။

ဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ကာ ထွက်ခဲ့ခြင်း ဖြစ်သော်လည်း မအောင်မြင်ခဲ့လျှင် ဆိုသည့်အတွေးကြောင့် သန်းပိုင် စဉ်းစားစရာများ ရှိလာသည်။

“ဖြစ်အောင်လုပ်မယ်ဆိုပြီးထွက်လာခဲ့တယ်။ ဒီရောက်တဲ့အချိန်မှာ စဉ်းစားဖြစ်တာတွေတော့ အများကြီးပဲ။ ဆိုင်ကယ်အရောင်းအဝယ်လုပ်ရမလား။ ပြင်တာပဲလုပ်ရမလား။  နောက်အရောင်းအဝယ်တစ်ခုခုပေါ့ ။ဘေထုပ်သည်ပဲလုပ်ရမလား။ နောက်ဆုံးဘယ်လောက်ထိစဉ်းစားလဲဆိုတော့ သူများဆိုင်မှာပဲ စားပွဲထိုးလုပ်ရမလား အထိ စဉ်းစားခဲ့ဖူးတယ်” ဟု သန်းပိုင်က ရှင်းပြသည်။

ရန်ကုန်လူငယ် အသင်းသို့ ရောက်ရှိပြီး သုံးလခန့်အကြာတွင် ခွင့်ရက်ရသဖြင့် သန်းပိုင် သီပေါမြို့သို့ ပြန်ခဲ့ပြီး ခွင့်ရက်စေ့သည့်အချိန်အထိ ရန်ကုန်လူငယ်အသင်းသို့ သန်းပိုင်ပြန်မရောက်နိုင်။

သီပေါမှ ရန်ကုန်သို့ လာရောက်ရန် ကျသင့်မည့် ကားခ နှစ်သောင်းကျော်ကို ဘောလုံးကစားခြင်း ခွင့်မပြုသည့် မိခင်က မထုတ်ပေးသဖြင့် သန်းပိုင် အခက်အခဲဖြစ်နေပြီး ရန်ကုန်အသင်းမှ ဆရာဖြစ်သူ နည်းပြ ဦးအေးနိုင်သို့ ဖုန်းဆက်ကာ အကျိုးအကြောင်းပြောကာ ကားခရရေး ရရာအလုပ်များကို ၁ဝရက်ခန့်အလုပ်လုပ်ကာ လမ်းစရိတ် စုဆောင်းခဲ့သည်။

“အိမ်ကလဲ သိပ်အဆင်မပြေဘူးလေ။ အမေကမလွတ်ချင်တော့ လမ်းစရိတ်မပေးဘူး။ အဲ့တာနဲ့ လွယ်တဲ့အလုပ်တွေ (ပန်းရံ. . .)လုပ်ပြီး နှစ်သောင်းကျော်လောက်ရှိတဲ့ ကားခကို တစ်ရက်သုံးထောင်နဲ့ ၁၁ရက်လောက်လုပ်ခဲ့ရတယ်” ဟု ၎င်း ရန်ကုန်သို့ တက်လာဖို့ ငွေကြေးအဆင်မပြေမှုကိုပြန်ပြောသည်။

ငယ်စဉ်ဘဝက အားကျခဲ့ရသည့် လက်ရွေးစင်ကစားသမားများဖြစ်သည့် ကျော်ကိုကို၊ကြည်လင်းတို့နှင့် တစ်သင်းတည်း ကစားရမည့်အဖြစ်မှာ အိပ်မက်မက်  နေသည့်အတိုင်းပင် ဖြစ်သည်ဟု သန်းပိုင်ကဆိုသည်။

“ကျွန်တော်ရန်ကုန်ရောက်ပြီးမကြာဘူး ကိုကျော်ကို(ကျော်ကိုကို) ရောက်လာတယ်။ ငယ်ငယ်ကအားကျခဲ့ရတဲ့ လူတွေနဲ့ တူတူနေရတော့ နယ်ပြန်တဲ့အခါကြွားတာပေါ့ သူတို့နဲ့ တူတူနေတာပေါ့။ ဓာတ်ပုံတော့ မရိုက်ရဲဘူး စကားလဲမပြောရဲဘူး။ သူတို့ ကစားတာတွေကြည့်ပြီး သင်ယူခဲ့ရတယ်” ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၄ အာရှ  ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ဘောလုံးအသင်းပရိသတ်များ၏ အားပေးမှုကို တခဲနက် ရရှိခဲ့သည့် မြန်မာ  ယူ-၁၉ လက်ရွေးစင် ကစားသမားအဖြစ် ရန်ကုန်လူငယ် အသင်းမှ ရွေးချယ်ခံခဲ့ပြီး ၂၀၁၄ ဘရှုနိုင်းဘုရင့်ဖလားတွင် ပထမဆု နှင့် သွင်းဂိုး နှစ်ဂိုး ရရှိခဲ့သည်။

မြန်မာဘောလုံးပရိသတ်များ သန်းပိုင်ကို သတိထားမိသည့် အာရှ ယူ-၁၉ ပြိုင်ပွဲအုပ်စုပွဲစဉ် တစ်ပွဲဖြစ်သည့် မဟာပြိုင်ဘက် ထိုင်းအသင်းကို မြန်မာအသင်း ၃ဂိုးပြတ် အနိုင်ရရှိသည့်ပွဲစဉ်တွင် သန်းပိုင် ပွဲထွက်ခွင့်ရခဲ့ပြီး ရုန်းအားကောင်းကောင်း၊ အမြင့်ဘောများဖြင့် ထိုင်းနောက်တန်းကို ခြိမ်းခြောက်နိုင်သည့်ခဲ့ပွဲပင်ဖြစ်သည်။

ကြိုးစားအားထုတ်မှု ကောင်းကောင်း၊ နားလည်မှုရှိရှိဖြင့် အသင်းလိုက် ကစားပုံ ကောင်းမွန်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် ယူအေအီး အသင်းနှင့် တွေ့ဆုံခဲ့ပြီး ပွဲချန် ၅၃မိနစ်တွင် မြန်မာအသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သန်းပိုင် သွင်းယူပေးခဲ့ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်သို့တက်ရောက်ကာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့် ရရှိခဲ့ပြီး မြန်မာ့ ဘောလုံးလောကအတွက် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။

“နိုင်ငံတကာပွဲတွေမှာ ယူအေအီး နဲ့ပွဲ အားအရဆုံးပဲ။ ဘဝမှာမမေ့နိုင်တော့ဘူး။ တစ်သင်းလုံးလဲကောင်းတယ်။ ပရိသတ်တွေလဲပျော်ခဲ့တယ်။ ဟိုဘက်နောက်တန်း နဲ့ ငြိမ်းချမ်းအောင် ဘောလုံးယှဉ်လုကြတာ ကျွန်တော်က အောက်ပြီထင်ပြီး ရပ်နေတာ။ နောက် မအောက်ဘူးဆိုတာ သိသိချင်း အပြေး  ငြိမ်းချမ်းအောင် ကချိုးအပေး ကွက်တိကျသွားလို့ ဂိုးရခဲ့တာ။ ဂိုးသွင်းသွင်းပြီးခြင်း ပျော်လွန်းလို့ ဘာလုပ်ရမှန်းမသိဘူး။ လျောက်ပြေးနေမိတယ်” ဟု သူ၏ အမှတ်ရစရာ ပွဲအကြောင်းရှင်းပြသည်။

မြန်မာ ယူ-၁၉ အသင်း ဆီမီးဖိုင်နယ်တွင် ကာတာ အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း  ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားတွင် မြန်မာအသင်း၏ စောင့်ကြည့်ရမည့် ကစားသမား အဖြစ် FIFA ဝက်ဆိုဒ်မှ သန်းပိုင်ကို ဖော်ပြခဲ့သည်။

မြန်မာ ယူ-၁၉ အသင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ကမ္ဘာ့ဖလား၏ ပထမဆုံး အဖွင့်ဂိုးကို မြန်မာအသင်း ကစားသမား ရန်နိုင်ဦးက သွင်းယူနိုင်ခဲ့သည်။

“ကမ္ဘာ့ဖလားမှာ ရလိုက်တဲ့ အတွေ့အကြုံတွေက အများကြီးမှ အများကြီးပဲ။ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရတဲ့ အသင်းတွေက အရမ်းမြန်တယ်။ ဆုံးဖြတ်ချက်ချတာတွေလဲမြန်တယ်။ နေရာလွတ်တွေလဲ ဖန်တီးတာ အရမ်းကောင်းတယ်။ ကျွန်တော်တို့က နည်းနည်းနှေးတယ်။ လူကောင်လဲကွာတယ်” ဟု ကမ္ဘာ့ဖလား ပြိုင်ပွဲအတွေ့အကြုံများကို ပြောပြသည်။

ပွဲချိန်ပြည့် ကစားနိုင်ပြီး ခေါင်းတိုက်ဘောများတွင် ၉ဝရာနှုန်းခန့် ကောင်းမွန်သည့် အသက် ၁၈နှစ်အရွယ် သန်းပိုင်သည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် ကစားသမား နှင့် ရန်ကုန်စီနီယာအသင်း ကစားသမား တစ်ဦး အဖြစ်သို့ရောက်ရှိလာပြီဖြစ်ပြီး ရန်ကုန်အသင်းတွင် ပထမဆုံးသွင်းဂိုးအဖြစ် အောက်တိုဘာလ ၂၅ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့်  ဇွဲကပင်အသင်း နှင့် ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် သန်းပိုင်သည် ရန်ကုန်အသင်းတွင် အကောင်းဆုံး ပေးဆပ်ကာ ကစားနေဦးမည်ဖြစ်ပြီး တစ်ချိန်ချိန်တွင် ပြည်ပလိဂ်များတွင် သွားကစားနိုင်ရန် ခန္ဒာကိုယ် ကြံ့ခိုင်မှု၊ ဘောလုံးကျွမ်းကျင်မှု များကို အဓိက ထားလေ့ကျင့်နေသည်။

အခက်အခဲများမှ ကြားမှ အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် လူငယ်ကစားသမား သန်းပိုင် ယခုအချိန်တွင် မိမိဝါသနာပါရာ ဘောလုံးကန်ခြင်းမှ ရရှိသည့် ဝင်ငွေဖြင့် မိသားစုကို ထောက်ပံ့နိုင်ခဲ့ပြီ လည်းဖြစ်သည်။

“အခုချိန်ထိတော့ အဖွားက ပြန်လာလို့ရင် ပြန်လာလို့ပြောနေတုန်း။ အမေကတော့ ကိုယ်ဝါသနာပါရာ လမ်းပေါ် ရောက်နေပြီဆိုတော့အားပေးတယ်။  အခက်အခဲတွေတွေ့တဲအချိန်တွေဆို အားပေးတယ်။ ငါ့သားဘာမှ စိတ်ဓာတ်မကျနဲ့ ဘောလုံးပဲ အာရုံစိုက် မိသားစု ကိစ္စတွေ အမေတို့ရှိတယ်ပေါ့။ အခုဆိုရင် အိမ်ရဲ့ တာဝန်ကို နိုင်တဲ့နေရာက ဝင်ထမ်းနိုင်ခဲ့ပါပြီ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့သို့လာပြီး ၀မ်းစာကျောင်းရင်း မိသားစုကို ပြန်ထောက်ပံလာနိုင်သည့် မြန်မာ့လက်ရွေးစင် သန်းပိုင် သူ့လူမှုကွန်ယက်အကောင့်လေးတွင် တင်ထားသည့် timeline picture လေးကလွမ်းမောဖွယ်ဖြစ်သည်။ “အမေ့အိမ်လေး လွမ်းတယ်။ I Love Home” ဆိုသည့်စာသားလေးပင်ဖြစ်ပါသည်။

1621944_10204039284601042_8810993201514808193_n ymg

comments

error: Content is protected !!