အသင်းဟန်ချက်နှင့် အိုဇဲလ်အား အာစင်ဝင်းဂါး ချီးကျူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘိုင်ယန်နှင့်ပွဲတွင် ဂိုးသွင်းယူခဲ့သည့် အိုဇဲလ်အား အာစင်ဝင်းဂါးက ဂုဏ်ပြုနေစဉ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်း၏အသင်းမှာ ရှေ့၊ နောက်ဟန်ချက်မျှလာပြီဖြစ်ကြောင်းနှင့် အိုဇဲလ်မှာလည်း ကစားသမားဘ၀အကောင်းဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ယနေ့ညနေပိုင်းတွင် အဲဗာတန်နှင့်ရင်ဆိုင်မည့် အာဆင်နယ်မှာ အနိုင်ရရှိပါက အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် အနည်းဆုံး ၁ ရက် ရပ်တည်နိုင်မည်ဖြစ်ပြီး တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီပွဲအဖြေပေါ်မူတည်ကာ ထိုအဆင့်တွင် ဆက်လက်ရပ်တည်နိုင်မှုရှိ၊ မရှိ သိရှိရမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်၊ မန်ယူနှင့် ၀က်ဖို့ဒ်တို့ကို ပေးဂိုးမရှိဘဲ အနိုင်ရရှိထားသည့် အာဆင်နယ်မှာ ဘိုင်ယန်နှင့်ပွဲတွင် ကစားကွက်ပိုင်း ရင့်ကျက်လာကြောင်းလည်း ၎င်းက ချီးကျူးခဲ့သည်။

“ချန်ပီယံလိဂ်ပွဲစဉ်စပြီး မိနစ် ၂၀ နောက်ပိုင်းမှာ ဘောလုံးနောက် အတင်းလိုက်နေရင် ကျွန်တော်တို့ ရှုံးတော့မယ်ဆိုတာ သိလိုက်တယ်။ အဲဒါကြောင့် ကိုယ့်ကွင်းဘက်မှာ ပိုပြီး အထိုင်ချခိုင်းလိုက်တယ်။ ဒါမျိုးက အမြဲတမ်းလုပ်နေကျဆိုပေမယ့် အတွေ့အကြုံရှိတဲ့ ကစားသမားတွေပါတော့ ဒီနည်းဗျူဟာကို ခင်းကျင်းရတာ ပိုလွယ်တယ်။ ၁ ခွန်း၊ ၂ ခွန်းပြောလိုက်တာနဲ့ သဘောပေါက်ကြတယ်။ အရင်က အရမ်းငယ်တဲ့ ကစားသမားတွေရှိခဲ့တယ်။ အခုတော့ အတွေ့အကြုံပိုလာတဲ့ လူငယ်အသင်းပေါ့။ အခုခေတ်မှာ အသင်းတစ်သင်းက မမျှော်လင့်တဲ့ပွဲကို ရှုံးရင် ဝေဖန်ခံရတာပဲ။ အဲဒါကြောင့် ခံစစ်ပိုင်းကို ပိုတည်ငြိမ်အောင်လုပ်တယ်။ တော်တော်လည်း တည်ငြိမ်သွားပါပြီ”ဟု အာစင်ဝင်းဂါးက ဆိုသည်။

ထို့အပြင် အိုလံပီယာကို့စ်အား အရေးနိမ့်ခဲ့သည့်ပွဲနောက်ပိုင်း အာဆင်နယ်အတွက် ခြေစွမ်းပြလာသော အိုဇဲလ်နှင့်ပတ်သက်၍လည်း ၀င်းဂါးက”သူ့အသက် ၂၇ နှစ်ရှိပြီ။ ဘောလုံးသမားတစ်ယောက်အတွက် ရွှေရောင်ကာလဆိုပါတော့။ ဘောလုံးသမားတစ်ယောက်ဟာ အသက် ၂၇ နှစ်ကနေ ၃၁-၃၂ အတွင်းမှာ ဘောလုံးကစားရဖို့တင် အရေးကြီးတာမဟုတ်ဘဲ နိုင်ဖို့လည်း အရေးကြီးတာ သဘောပေါက်လာကြတယ်။ အဲဒီအချိန်မှာ အသက် ၂၅ နှစ်မတိုင်ခင်ကလို တစ်သက်လုံးခြေစွမ်းပြနိုင်မှာပဲလို့ မတွေးတော့ဘူး။ ကိုယ်ရခဲ့တဲ့အတွေ့အကြုံတွေ သင်ခန်းစာတွေက ကစားလိုစိတ်ကို ထိန်းကျောင်းပြီး ထိရောက်တဲ့ခြေစွမ်းရှိအောင် ဖန်တီးပေးတယ်။ အိုဇဲလ်က အာရုံစိုက်မှုရှိတဲ့သူပါ။ ဥာဏ်အရမ်းသုံးတတ်တဲ့ ကစားသမားပါ။ အရမ်းလေးစားဖို့ ကောင်းပါတယ်။ သူက ကွင်းလယ်နဲ့ တိုက်စစ်မှူးကို အကောင်းဆုံးချိတ်ဆက်ပေးနေလို့ မရှိမဖြစ် ကစားသမားပါပဲ”ဟု ချီးကျူးခဲ့သည်။

comments

error: Content is protected !!