ဆယ်ကျော်သက်တစ်ဦးနှင့် ပြဿနာဖြစ်ပွားမှုသတင်းများကို မော်ရင်ညို၏ဥပဒေအဖွဲ့ စောင့်ကြည့်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်ပွဲစဉ်ကတွေ့ရသည့် မော်ရင်ညို

ချဲလ်ဆီးနည်းပြမော်ရင်ညို၏ ဥပဒေအကျိုးဆောင်များက ၎င်းတို့အနေဖြင့် ဆယ်ကျော်သက်တစ်ဦးကို မော်ရင်ညိုက နောက်မှဆောင့်တွန်းသည်ဟု သတင်းများရေးသားနေခြင်းအား သေချာစောင့်ကြည့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသည် ၎င်းနောက်တွင် မော်ရင်ညိုလမ်းလျှောက်လာသည်ကို နောက်ခံထားကာ ဗီဒီယိုရိုက်ကူးခဲ့ပြီး မော်ရင်ညိုက ၎င်းကိုကျော်တက်ချိန်တွင် ယခုအဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းပြောခွင့်ရပုဂ္ဂိုလ်ကမူ ယခုအဖြစ်အပျက်မှာ ကိုယ်ရေးကိုယ်တာစွက်ဖက်မှုဟု အမည်တပ်ခဲ့ပြီး ထိုအဖြစ်အပျက်၌ ဆယ်ကျော်သက် ၂ ဦးပါဝင်ခဲ့သည်ဟု ဆိုသည်။

“အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဗီဒီယိုရိုက်ကူးတာနဲ့ပတ်သက်တဲ့ ဥပဒေတွေကို မော်ရင်ညိုနားလည်ပါတယ်။ အခုပြဿနာဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး ၂ ယောက်က အိမ်ကနေ သူထွက်လာတဲ့အချိန်ကစပြီး မိနစ် ၂၀ ကြာ နောက်ကလိုက်လာခဲ့တာပါ။ ပြီးတော့ ကိုယ်ရေးကိုယ်တာဖုန်း သူပြောနေတာကိုလည်း နှောင့်ယှက်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းရေးသားမှုတွေကို သူ့ရဲ့ဥပဒေအကျိုးဆောင်အဖွဲ့က သေချာစောင့်ကြည့်နေပါတယ်”ဟု  ချဲလ်ဆီးပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

မော်ရင်ညိုသည် ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုဗီဒီယိုအား ထုတ်လွှင့်ခဲ့သည့် မီဒီယာများမှာ ၎င်းကို လေးစားမှုမရှိကြကြောင်း ဝေဖန်ခဲ့သည်။

“ခင်ဗျားတို့ မီဒီယာတွေက ဆက်ဆံသလို ကျွန်တော်လည်း ပြန်ဆက်ဆံမယ်။ လေးစားမှုမထားဘူး။ အခုကစပြီး ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းကောင်းတွေရမှာ မဟုတ်တော့ဘူး။ ဘောလုံးအကြောင်း ကျွန်တော်ပြောနေမှာ မဟုတ်ဘူး။ ဘယ်လို ဝေဖန်မှုဖြစ်ဖြစ် ဘယ်လောက်ဆိုးပါစေ ကျွန်တော်လက်ခံဖို့ အသင့်ပဲ။ ခင်ဗျားတို့ သိပ်ရေးချင် သိစေချင်နေတဲ့ ကိုယ်ရေးကိုယ်တာဘ၀နဲ့ အရေးမပါတဲ့အကြောင်းတွေ ကျွန်တော်ပြောမယ်။ အဲဒါကိုတော့ ကျွန်တော်မကြိုက်တာ အမှန်ပဲ။ အခုဆိုရင် ခင်ဗျားတို့နဲ့ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးက အဆင့်ချင်းကွာခြားသွားပြီ”ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။

မော်ရင်ညိုမှာ ယခုရာသီတွင် အငြင်းပွားစရာအဖြစ်အပျက်များစွာ ကြုံတွေ့နေရပြီး အသင်းဆရာဝန်အား ထုတ်ပယ်ခဲ့ခြင်း၊ ၎င်း၏အသင်းကို ပင်နယ်တီပေးရန် ဒိုင်လူကြီးများက ကြောက်ရွံ့နေကြောင်း စွပ်စွဲသဖြင့် အက်ဖ်အေက ပေါင် ၅ သောင်းပြစ်ဒဏ်ချမှတ်ခြင်းစသည့် အဖြစ်အပျက်များပါဝင်သည်။

ချဲလ်ဆီး၏ ယခုရာသီမှာ ၁၉၇၈-၇၉ ရာသီနောက်ပိုင်း အဆိုးရွားဆုံးဖြစ်နေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၂ နေရာတွင် ရပ်တည်နေကာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသာ အနိုင်ရထားပြီး ပရီးမီယားလိဂ်အဆင့် ၄ နေရာမှ ၀က်စ်ဟမ်းနှင့် ယနေ့ရင်ဆိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!