အေစီမီလန်ကို တစ်ကျော့ပြန်တာဝန်ယူရန် နီးစပ်ခဲ့ဟု အန်စလော့တီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အောက်တိုဘာ ၆ ရက်နေ့က လန်ဒန်တွင်တွေ့ရသည့် အန်စလော့တီ

ရီးရဲလ်နည်းပြဟောင်း အန်စလော့တီက လာမည့်နှစ်ဘောလုံးရာသီတွင် အသင်းသစ်တစ်သင်းအား တာဝန်ယူကိုင်တွယ်ပြီး နည်းပြလောကသို့ ပြန်လည်ခြေချမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နွေရာသီက အေစီမီလန်အသင်းအား တစ်ကျော့ပြန်တာဝန်ယူရန် နီးစပ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အေစီမီလန်သည် ယခုဘောလုံးရာသီအစက နည်းပြအင်ဇာဂီနှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေခဲ့ရာ ရီးရဲလ်မှ ထုတ်ပယ်ခံခဲ့ရသည့် အန်စလော့တီကို အစားထိုးခန့်အပ်ရန် နီးစပ်ခဲ့သော်လည်း ဆမ်ဒိုးရီးယားနည်းပြ မီဟိုင်းလိုဗစ်ကိုသာ အပြီးသတ်ခန့်အပ်ခဲ့သည်။

“အသင်းတချို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီဖြစ်လို့ လာမယ့်ဘောလုံးရာသီမှာ နည်းပြလောကကို ပြန်လည်ခြေချဖို့ စီစဉ်နေပါတယ်။ အထူးသဖြင့် စီးရီးအေကလပ်တွေကို တာဝန်ယူကိုင်တွယ်ဖို့များပါတယ်။ လက်ရွေးစင်အသင်းတွေကို တာဝန်မယူလိုပါဘူး။ ရာသီအစတုန်းက အေစီမီလန်ကို တစ်ကျော့ပြန်ကိုင်တွယ်ဖို့ နီးစပ်ခဲ့ပြီး လာမယ့်ဘောလုံးရာသီသစ်မှာ အေစီမီလန် ဒါမှမဟုတ် ရိုးမားတို့ကို တာဝန်ယူကိုင်တွယ်ဖို့ ဖြစ်လာနိုင်ပါတယ် “ဟု အန်စလော့တီက ဆိုသည်။

အေစီမီလန်တွင် ကစားသမားနှင့် နည်းပြဘ၀ နှစ်ခုလုံး၌ အောင်မြင်မှုများစွာရရှိခဲ့သည့် အန်စလော့တီသည် အင်တာမီလန်အသင်းအား တာဝန်ယူလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

comments

error: Content is protected !!