လုပ်ပွဲအရှုပ်တော်ပုံများရှိခဲ့ပါက လာလီဂါအတွက် အန္တရာယ်ရှိကြောင်း ဘာစီလိုနာထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လာလီဂါဒိုင်လူကြီးတစ်ဦးက ဘာစီလိုနာကစားသမားဆွာရက်ဇ်ကို အ၀ါကတ်ပြသနေစဉ်

ဘာစီလိုနာနှင့် ရီးရဲလ်တို့ယှဉ်ပြိုင်ကစားမည့် အက်လ်ကလက်စီကိုပွဲစဉ်နှင့် ပတ်သက်၍ ဒိုင်များအပေါ် ဖိအားပေးတောင်းဆိုမှုများရှိခဲ့ခြင်းနှင့် လုပ်ပွဲအရှုပ်တော်ပုံများရှိလာခဲ့ပါက လာလီဂါအတွက် အန္တရာယ်ရှိသည့် အခြေအနေတစ်ရပ်ဖြစ်လာနိုင်ကြောင်း ဘာစီလိုနာ လက်ထောက်ဘဏ္ဍာရေးမှူး မွန်ဂျီ က မှတ်ချက်ပြုပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် ရီးရဲလ်နှင့်ပွဲစဉ်တွင် ဖိအားပေးတောင်းဆိုခြင်းများ ရှိခဲ့ကြောင်း လာလီဂါစည်းကြပ်ဒိုင်တစ်ဦးမှ ရဲတပ်ဖွဲ့ထံ ဖွင့်ဟတိုင်ကြားခဲ့သဖြင့် လာလီဂါပွဲစဉ်များတွင် လုပ်ပွဲအရှုပ်တော်ပုံများ ကြီးစိုးနေပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

“လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ တာဝန်ရှိသူတွေအနေနဲ့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လိုအပ်နေပါပြီ။ ပြိုင်ပွဲတစ်ပွဲကို တာဝန်ယူကိုင်တွယ်ရတဲ့ ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ရီးရဲလ်ဘက်ကို အလေးပေးဆုံးဖြတ်ပေးဖို့ ဖိအားပေးခံရတယ်ဆိုတဲ့ အခြေအနေက တကယ့်ကို တရားမျှတမှုမရှိတဲ့ အခြေအနေတစ်ခုပါ။ လက်ရှိဖြစ်ရပ်တွေသာ အမှန်တကယ်ဆိုရင် လာလီဂါပြိုင်ပွဲအတွက် အန္တရာယ် အရမ်းရှိနေပါပြီ”ဟု ဒုတိယဘဏ္ဍာရေးမှူး မွန်ဂျီက ဆိုသည်။

အဆိုပါ လုပ်ပွဲနှင့်ပတ်သက်သည့် သတင်းကို စပိန်ရေဒီယိုမှ အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် ရီးရဲလ်နှင့် လာလီဂါတာဝန်ရှိသူများက မှတ်ချက်ပေးရန် နှောင့်နေးနေသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

comments

error: Content is protected !!