ကစားသမားများ ယုံကြည်မှုနည်းနေသေးကြောင်း ကလော့ပ်ဖွင့်ဟ
|
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ရူဘင်ကာဇန်အသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ၌ တစ်ဦးအသာရခဲ့သော်လည်း သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းမှာ အသင်းကစားသမားများ ယုံကြည်မှုမပြည့်ဝသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲတွင် ရူဘင်ကာဇန်အတွက် အဖွင့်ဂိုးကို ဒီဗစ်သွင်းယူပေးခဲ့ပြီးနောက် ၃၆ မိနစ်၌ ကုဇ်မင်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး လီဗာပူးအသင်းအတွက် ချေပဂိုးကို အမ်မရီကန်က သွင်းယူပေးနိုင်ခဲ့သည်။
လီဗာပူးအသင်းမှာ ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင့် ယခုယူရိုပါလိဂ်ပွဲစဉ်တွင် တတိယမြောက် သရေပွဲဖြစ်ခဲ့ပြီး ဂိုးရရှိရန် ၃၆ ကြိမ် ကြိုးပမ်းနိုင်ခဲ့သော်လည်း ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သည်။
အဆိုပါပွဲနှင့်ပတ်သက်၍ နည်းပြကလော့ပ်က ”ဒါက စိတ်ပျက်စရာမဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ကျွန်တော်တို့ခံစစ်ကောင်းပေမယ့် ပြိုင်ဘက်တိုက်စစ်မှူးတွေ တကယ်တော်လို့ ဂိုးပေးလိုက်ရတာပါ။ ပြိုင်ဘက်က ၁၀ ယောက်ပဲကျန်တဲ့အချိန်မှာ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့တယ်။ ဂိုးရဖို့ ၃၅ ကြိမ်လောက် ကြိုးပမ်းခဲ့တယ်။ အဲဒီထဲက ၉၈ ရာခိုင်နှုန်းလောက် အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ အဆင်မပြေတဲ့ ၂ ရာခိုင်နှုန်းက အဆုံးအဖြတ်ဖြစ်သွားတာကတော့ ဆိုးပါတယ်။ ကျွန်တော့်ကစားသမားတွေ ယုံကြည်မှုနည်းနေသေးပါတယ်”ဟု ပြောကြားခဲ့သည်။
Next : ဘောလုံးလောက၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရော်နယ်ဒို ရပ်တည်နိုင်ခဲ့