ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် ဂရစ်ဇ်မန်းနှင့် ဂိုဒင်တို့ မပါဝင်ခဲ့ခြင်းမှာ မမျှတဟု ဆီမြွန်နီ ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲစဉ်တွင်တွေ့ရသည့် ဆီမြွန်နီ

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဖီဖာမှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦး စာရင်းတွင် ၎င်းတို့အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဂရစ်ဇ်မန်းနှင့် ဂိုဒင်တို့ မပါဝင်ခဲ့ခြင်းမှာ မျှတမှုမရှိသည့် ရွေးချယ်မှုဖြစ်ကြောင်း၊ ကိုယ်စားပြုအသင်းအတွက် ခြေစွမ်းပြကစားနိုင်သည့် မည်သည့်ကစားသမားမဆို ပဏာမ ၂၃ ဦး စာရင်းတွင် ပါဝင်ခွင့်ရှိသင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဖီဖာမှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦး စာရင်းတွင် စပိန်လာလီဂါမှ ကစားသမား ၁၁ ဦးအထိ အများဆုံးရွေးချယ်ခံခဲ့ရပြီး လက်ရှိဥရောပချန်ပီယံ ဘာစီလိုနာမှ ကစားသမားသမား ၆ ဦးနှင့် ရီးရဲလ်မှ ၅ ဦးအထိ ရွေးချယ်ခံခဲ့ရကာ အက်သလက်တီကိုကစားသမားများ ရွေးချယ်ခြင်းမခံခဲ့ရသည့်အတွက် ဆီမြွန်နီက ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ပဏာမစာရင်းမှာ အက်သလက်တီကိုက  တစ်ဦးမှ အရွေးမခံရတာက တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ဂရစ်ဇ်မန်းနဲ့ ဂိုဒင်တို့ ပါဝင်ခွင့်မရခဲ့တာက တကယ်ကို မမျှတပါဘူး။ ဂရစ်ဇ်မန်း၊ ဂိုဒင်တို့ရဲ့ ခြေစွမ်းတွေက ပဏာမစာရင်းမှာ ပါဝင်ခွင့်ရနိုင်တဲ့ ခြေစွမ်းတွေပါ”ဟု ဆီမြွန်နီက ဆိုသည်။

ယင်းပဏာမစာရင်းမှ နောက်ဆုံးဆန်ကာတင်ကစားသမား ၃ ဦးကို လာမည့် နိုဝင်ဘာ ၃၀ ရက်တွင် ရွေးချယ်မည်ဖြစ်ပြီး အကောင်းဆုံးကစားသမားကို ၂၀၁၆ ဇန်န၀ါရီလတွင် ပြုလုပ်မည့် ဖီဖာအလုပ်အမှုဆောင် အစည်းအဝေးအခမ်းအနားတွင် ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖီဖာမှ သတင်းထုတ်ပြန်ထားသည်။

comments

error: Content is protected !!