နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် အသင့်ဖြစ်ပြီဟု ပရင်ဒယ်လီဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဂါလာတာစာရေးကို နည်းပြတာဝန်ယူစဉ်ကတွေ့ရသည့် ပရင်ဒယ်လီ

တူရကီကလပ် ဂါလာတာစာရေးအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြလောကမှ အနားယူနေသည့် အီတလီဝါရင့်နည်းပြ ပရင်ဒယ်လီက ကာလအတန်ကြာအနားယူပြီးနောက် နည်းပြလောကသို့ ပြန်လည်ခြေချရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူရို-၂၀၁၄ ပြိုင်ပွဲနှင့် ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲများတွင်  အီတလီလက်ရွေးစင်အသင်းနှင့်အတူ အောင်မြင်မှု အထိုက်အလျောက်ရရှိခဲ့သည့် ပရင်ဒယ်လီသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ကာ တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

“နည်းပြတိုင်းက အသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်ဖို့ အမြဲတမ်းအသင့်ရှိနေလေ့ရှိပါတယ်။ ဒါပေမဲ့ အသင်းတစ်သင်းချင်းစီရဲ့ အခြေအနေကိုလိုက်ပြီး ခြားနားမှုတွေရှိနိုင်ပါတယ်။ ဂါလာတာစာရေးအသင်းမှာ ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေကို ပြန်လည်အသုံးချရတော့မှာပါ။ နည်းပြလောကကို ပြန်လည်ခြေချဖို့ ယုံကြည်ချက်အပြည့်ရှိနေပြီ” ဟု နည်းပြပရင်ဒယ်လီက ဆိုခဲ့သည်။

ပရင်ဒယ်လီသည် ၂၀၁၄ဇူလိုင်လတွင် ဂါလာတာစာရေးသို့ပြောင်းရွှေ့ခဲ့ကာ အမှတ်ပေးပြိုင်ပွဲတွင် အဆင့် ၃ ရစေရန်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလဂ်ပြိုင်ပွဲတွင် ဆိုးရွားသည့်ရလဒ်များကြောင့် ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းအနေဖြင့် ဂါလာတာစာရေးအသင်းတွင် ၁၄၇ ရက်သာကိုင်တွယ်နိုင်ခဲ့ကြောင်းသိရသည်။

အတည်မပြုနိုင်သည့် သတင်းများအရ စီးရီးအေအသင်းအချို့သည် ၀ါရင့်နည်းပြပရင်ဒယ်လီအား နည်းပြအဖြစ်ခန့်အပ်တာဝန်ပေးရန် ဆန္ဒရှိနေကြောင်း၊ ၎င်းအား စိတ်ဝင်စားနေသည့် အသင်းများတွင် စီးရီးအေထိပ်သီးအသင်းများဖြစ်သည့် အေစီမီလန်နှင့် ဂျူဗင်တပ်တို့ ပါဝင်လျက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!