စပိန်ဘောလုံးလောက လုပ်ပွဲအရှုပ်တော်ပုံသတင်းများ ထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည့်မတ်လက ကစားခဲ့သော အယ်လ်ကလက်စီကိုပွဲစဉ်

ရီးရဲလ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြမည့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ရီးရဲလ်ဘက်မှ ဘက်လိုက်ဆုံးဖြတ်ရန် ဖိအားပေးခံခဲ့ရကြောင်း စည်းကြပ်ဒိုင်တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် စပိန်ဘောလုံးလောက၏ ကြီးမားသည့် လုပ်ပွဲအရှုပ်တော်ပုံ ပေါ်ပေါက်လာဖွယ်ရှိနေကြောင်း စပိန်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အမည်မဖော်လိုသူ လာလီဂါစည်းကြပ်ဒိုင်တစ်ဦးက နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် အယ်လ်ကလက်စီကိုပွဲစဉ်၌ ရီးရဲလ်အသင်း အသာရစေရန်အတွက် ဖိအားပေးတောင်းဆိုခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အား  ထုတ်ဖော်တိုင်ကြားခဲ့ပြီးနောက် လာလီဂါကလပ်များအချင်းချင်း မသင်္ကာမှုများ များပြားလာခဲ့သည်။

ယင်းကဲ့သို့ သတင်းထွက်ပေါ်လာခဲ့ခြင်းနှင့်ပတ်သက်၍ စပိန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ ဒိုင်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုရာရက်စ်က“ ဒိုင်လူကြီးတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားမှုလို့ သိခဲ့ရပေမယ့် တကယ်တော့ အခြေအမြစ်မရှိတဲ့ သတင်းတစ်ပုဒ်ပါ။ တိကျတဲ့သတင်း မဟုတ်သလို သတင်းရင်းမြစ် အတိအကျကိုလည်း ဖော်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ အထူးသဖြင့် စိတ်ကူးယဉ် ၀တ္ထုတစ်ပုဒ်လိုပါပဲ”ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

စပိန်ရဲတပ်ဖွဲ့သည် အဆိုပါ စည်းကြပ်ဒိုင်၏အမည်အား ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း စပိန်ဘောလုံးလောက လုပ်ပွဲအရှုပ်တော်ပုံအတွက် အဓိကသဲလွန်စတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားထားပြီး စပိန်မီဒီယာများကလည်း စပိန်ဘောလုံးလောကအတွက် ထိတ်လန့်ဖွယ် အကျင့်ပျက်ခြစားမှုတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!