ယူရိုပါလိဂ်တွင် ပွဲထွက်လူစာရင်း အနည်းငယ်သာ ပြောင်းလဲမည်ဟု ကလော့ပ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ကလော့ပ်

ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ယနေ့ည ယှဉ်ပြိုင်ကစားမည့် ရူဘင်ကာဇန်နှင့်ပွဲတွင် ပွဲထွက်ကစားသမား အနည်းငယ်သာ အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်။

နည်းပြကလော့ပ်က အဆိုပါပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ”ကစားကွက်တည်ငြိမ်ဖို့ဆိုရင် ကစားသမား ၄၊ ၅ ၊ ၆ ယောက်လောက် အပြောင်းအလဲလုပ်လို့ မရပါဘူး။ ကစားသမားအားလုံးကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ အချိန်ရောက်ရင်တော့ အလှည့်ကျပွဲထုတ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့အကြောင်း မသိထားရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့စဉ်းစားထားတာ ရှိပါတယ်။ အပြောင်းအလဲလုပ်မယ်ဆိုရင် ၂ ယောက် ၃ ယောက်လောက်ပဲ လုပ်နိုင်မှာပါ။ တစ်ယောက်တည်းလည်း ဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် ဘန်တီကီနဲ့ ဖာမီနိုတို့နှစ်ယောက်လုံးကို အရန်စာရင်းထဲထည့်လို့ မရသလိုပါပဲ။ ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကျွန်တော်တို့ စွမ်းဆောင်နိုင်မှာပါ။ အားလုံးရဲ့အခြေအနေကို စဉ်းစားထားရမှာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့အသင်း အဲဒီလိုမဖြစ်သေးပါဘူး။ ဒီတစ်ပတ်ထဲမှာ လူငယ်ကစားသမားတွေကိုခေါ်ပြီး အထူးလေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။ ဒါကြောင့် သူတို့အကြောင်းကို အရင်ကထက် ပိုသိလာခဲ့ပါတယ်။ ကျွန်တော်တို့ ဘာတွေဖော်ထုတ်နိုင်ခဲ့လဲဆိုတာ ဒီညတွေ့ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါဂျာမန်လူမျိုးနည်းပြက ပွဲစဉ်တိုင်းတွင် အချိန်ပြည့် လှုပ်ရှားကစားရန်မလိုကြောင်းနှင့် လိုအပ်သည့်ပွဲတွင်မှ အချိန်ပြည့်လှုပ်ရှားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်က ”၁၁၅ ကီလိုမီတာလောက် ပြေးနေမှ အောင်မြင်တာမဟုတ်ဘူး။ ကျွန်တော့်ကစားသမားတွေ ကျန်းမာဖို့လိုတယ်။ ဘောလုံးရတာနဲ့ အရူးတစ်ယောက်လို ပြေးနေမှာမဟုတ်ပါဘူး။ အကောင်းဆုံးအချိန်ရောက်မှ အကောင်းဆုံးတွေးပြီး မှန်ကန်တဲ့လှုပ်ရှားမှုလုပ်မှာပါ။ ဒါပေမဲ့ လျင်မြန်တဲ့အသင်းနဲ့တွေ့လို့ ယှဉ်မပြေးနိုင်ဘူးဆိုရင် ရူးသွားလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!