အမာခံရုရှားပရိသတ်ကြောင့် အာကာသမှာ လွှင့်တင်နိုင်ခဲ့တဲ့ မန်ယူအလံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာကာသရောက် မန်ယူအလံ

“We’ll keep the red flag flying high”ဆိုတဲ့ သံပြိုင်ဟစ်ကြွေးမှုတွေက အိုးထရက်ဖို့ဒ်ကွင်းမှာ မကြာခဏကြားနေရပေမယ့် ဒီစာသားရဲ့အဓိပ္ပာယ်အတိုင်း မန်ယူအလံကို အမြင့်ဆုံးမှာလွှင့်ထူဖို့ ကြိုးစားတဲ့နေရာမှာတော့ ရုရှားက မန်ယူပရိသတ် အဲလက်စ်ဆီယာကော့ဗ်လက်ဗ်ကို ဘယ်သူမှ မီနိုင်တော့မယ် မထင်ပါဘူး။

အသက် ၃၆ နှစ်အရွယ် မန်ယူပရိသတ် ယာကော့ဗ်လက်ဗ်ဟာ ရုရှားနိုင်ငံ၊ မော်စကိုကဖြစ်ပြီး နာဆာက အာကာသယာဉ်မှူး စတိဗ်ဆွမ်ဆန်ရဲ့အကူအညီနဲ့ သူ့ရဲ့မန်ယူအလံကို ၂၀၁၄ ခုနှစ်အတွင်းက အာကာသယာဉ်က ကမ္ဘာကို ၂၇၀၄ ပတ် ပတ်တဲ့အချိန်မှာ အာကာသအတွင်း ၁၆၉ ရက်ကြာ ပါသွားအောင် ထည့်ပေးလိုက်နိုင်ခဲ့ပါတယ်။

အဲဒီအကြောင်းကို CSKA နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ယာကော့ဗ်လက်ဗ်က မန်ယူဝက်ဘ်ဆိုက်ကို ပြောကြားခဲ့တာကတော့ ဒီလိုပါ။

“မန်ယူကို ကျွန်တော်အားပေးခဲ့တာ ၂၀၀၀ ခုနှစ်က စတာဆိုတော့ အခုဆို ၁၅ နှစ်ရှိပါပြီ။ အဲဒီတုန်းက ကျွန်တော်က ကိုဆိုဗိုမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်ပေါ့။ အဲဒီတပ်ဖွဲ့မှာက မန်ယူအမာခံပရိသတ် အင်္ဂလိပ်တွေ အများကြီးပါတယ်။ သူတို့ကြောင့် ကျွန်တော်လည်း မန်ယူပရိသတ်ဖြစ်သွားတာပါ။ ဒါပေမဲ့ အာကာသထဲကို မန်ယူအလံထည့်လိုက်ဖို့ အကြံကတော့ အင်္ဂလန်က သူငယ်ချင်းတစ်ယောက်ကို အလံမှာလိုက်တဲ့အချိန်မှာ စရခဲ့တာပါ။ ကျွန်တော်က ဂါဂါရင်အာကာသလေ့ကျင့်ရေးစင်တာမှာ စကားပြန်လုပ်နေတာဆိုတော့ အဲဒီလို လုပ်နိုင်လိမ့်မယ်ဆိုတာ သိနေတယ်လေ။ အဲဒါကြောင့် ကျွန်တော်အများကြီး ဘာသာပြန်ပေးဖူးတဲ့ စတိဗ်နဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်။ စတိဗ်က အမေရိကန်ပါ။ မန်ယူပရိသတ်လည်း မဟုတ်ပေမယ့် သူက ကျွန်တော့်အလံကို နိုင်ငံတကာအာကာသစခန်းကို ယူသွားပေးဖို့ သဘောတူခဲ့တယ်။ သူ့အိတ်မှာလည်း နေရာလွတ်ရှိနေသေးလို့လေ။ အာကာသပေါ်ကို သူတို့က ၁.၅ ကီလိုဂရမ် သယ်ခွင့်ရှိတယ်။ အလံက ၈၅ ဂရမ်ပဲ အလေးချိန်ရှိတော့ အဆင်ပြေတာပေါ့။ ကျွန်တော့်လုပ်ရပ်အတွက် အရမ်းဂုဏ်ယူတယ်။ ပြီးတော့ မန်ယူက ကျွန်တော့်အတွက် အရမ်းအရေးပါလို့ ဓာတ်ပုံရိုက်ပေးခဲ့တာကိုလည်း အရမ်းဂုဏ်ယူတယ်။ ကျွန်တော်တို့အသင်းအလံကို အာကာသမှာ လွှင့်ထူခဲ့တယ်။ ဘယ်သူကမှ အဲဒီလောက်အမြင့်အထိ ဒီအလံကို ယူမသွားနိုင်ဘူးဆိုတာ ကျွန်တော်အရမ်းယုံကြည်တယ်”

comments

error: Content is protected !!