ချဲလ်ဆီးကွင်းလယ်ကစားသမား ၀ီလျံနှင့် တွေ့ဆုံခြင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

“ပရီးမီးယားလိဂ်ချန်ပီယံဆုက ကစားသမားဘ၀ အိမ်မက်တစ်ခုဖြစ်သလို ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ကလည်း အိမ်မက်တစ်ခုပါပဲ”

မေး    – ချဲလ်ဆီးကစားသမားအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပြီးခဲ့ပြီမို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့နဲ့ ကစားသမားဘ၀ရဲ့ နောက်တစ်ဆင့်အောင်မြင်မှုအတွက် မျှော်မှန်းချက်နဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ    – ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ မသေချာသေးပါဘူး။ ချန်ပီယံလိဂ်ဆုဖလားသာရခဲ့ရင် ကစားသမားဘ၀ရဲ့ ရပ်တည်မှုကလည်း အခုထက်ပိုပြီး မြင့်မားလာမယ် ထင်ပါတယ်။ ရရှိထားခဲ့ပြီးဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုက ကစားသမားဘ၀ အိမ်မက်တစ်ခုဖြစ်သလို ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ကလည်း အိမ်မက်တစ်ခုပါပဲ။ အခုဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူချင်ပါတယ်။

မေး    – ချန်ပီယံလိဂ်ဖလားက ကစားသမားဘ၀ရဲ့  အိမ်မက်တစ်ခုလို့ ပြောကြားခဲ့တဲ့ အဓိကအကြောင်းရင်းကို သိချင်ပါတယ်။

ဖြေ    – ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ ပြိုင်ပွဲတွေထဲမှာ အခက်အခဲဆုံး ပြိုင်ပွဲတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံဆုကိုရယူနိုင်တဲ့ ကစားသမားတွေက ထိပ်သီးကစားသမားတွေချည်းပဲ ဖြစ်နေလို့ပါပဲ။ အဲဒီအခြေအနေတွေက ဘောလုံးသမားတိုင်းရဲ့ အလိုချင်ဆုံးဖလားဖြစ်စေတာ အံအားသင့်စရာတော့မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဖလားနဲ့အတူ အောင်မြင်မှုရချင်ပါတယ်။

မေး    – စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ကစားရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပေါ် ခံစားရတဲ့အခြေအနေကရော။

ဖြေ    – အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားရတဲ့အချိန်က ပြိုင်ဘက်အသင်းထက်ကို ပိုပြီးအားသာချက်ရှိတယ်လို့ အမြဲတမ်းခံစားရပါတယ်။ ခြေစမ်းပွဲ ဒါမှမဟုတ် ချန်ပီယံလိဂ်ပွဲစဉ်ရယ်လို့ သီးခြားအခြေအနေမရှိပါဘူး။ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုတွေက ပွဲတစ်ပွဲအပေါ် အများကြီးအကျိုးသက်ရောက်စေပါတယ်။ စတန်းဖို့ဒ်ခ်ျကွင်းအတွင်းက ပရိသတ်တွေရဲ့ အားပေးသံက ပြိုင်ဘက်အသင်းကို ဖိအားတွေဖြစ်စေပါတယ်။ အဲဒီအတွက် အိမ်ကွင်းမှာ ပြိုင်ဘက်တွေအပေါ် အသာရလေ့ရှိတာက ပရိသတ်တွေကြောင့်ပါပဲ။

မေး    – အဝေးကွင်းမှာ ပြိုင်ဘက်အသင်းကို ရင်ဆိုင်ရတဲ့ အချိန်ဖြစ်ပေါ်လေ့ရှိတဲ့ ခံစားချက်နဲ့  ပြိုင်ဘက်အသင်းတွေရဲ့ ဘယ်ကွင်းမှာ ကစားရတာက ပိုပြီးအခက်အခဲရှိခဲ့ပါသလဲ။

ဖြေ    – ရှက်တာဒိုးနက်ခ်အသင်းမှာ ကစားခဲ့တုန်းက ဘာစီလိုနာအသင်းကို ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေကို ပြန်ပြီးအမှတ်ရမိပါတယ်။ ပရိသတ် ၉၀၀၀၀ကျော် အားပေးနေတဲ့ နူးကမ့်ကွင်းက ပြိုင်ဘက်ကစားသမားတစ်ယောက်အတွက် ကြီးလေးတဲ့ဖိအားတစ်ခု ဖြစ်ခဲ့တဲ့အထိပါ။ ဒီအခြေအနေက တကယ်ကို အထင်ကြီးစရာကောင်းလောက်တဲ့ အနေအထားတစ်ခုလို့ ပြောလို့ရပါတယ်။ ၂၀၁၁ တုန်းက နူးကမ့်ကွင်းမှာ ဘာစီလိုနာအသင်းကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်ပြီး ရှုံးနိမ့်ခဲ့ရတဲ့အချိန်ကို အခုအချိန်အထိ မေ့လို့မရသေးပါဘူး။

မေး    – ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းကို အံအားသင့်ဖွယ် အရေးနိမ့်ခဲ့တယ်။ အဲဒါက ဘယ်လိုအမှားမျိုးကြောင့်လဲ။

ဖြေ    – အသင်းတစ်သင်းလုံး အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ ဒီအခြေအနေက သင်ခန်းစာယူပြီး ပြင်ဆင်ရမယ့် အခြေအနေတစ်ခုပါ။  အကောင်းဆုံးရလဒ်ရယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြပေမယ့် လိုအပ်ချက်များစွာနဲ့ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။ ပြိုင်ဘက်အသင်းကို ဖိအားပေးပြီး ဘောလုံးပိုင်ဆိုင်မှုအရ၊ ကစားကွက်အရ အသာစီးရရမယ့်အစား ပီအက်စ်ဂျီအသင်းရဲ့ ဖိအားပေးခြင်းကိုပဲ ခံခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းအပေါ် ၂ ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့တဲ့အချိန် မမျှော်လင့်ဘဲ ကံဆိုးခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အဲဒီအခြေအနေက ပြီးသွားပြီဆိုပေမယ့် အောင်မြင်မှုရရှိဖို့အတွက် ခက်ခက်ခဲခဲပိုကြိုးစားရဖို့ လိုအပ်နေပြီဆိုတာ သိလိုက်ရပါတယ်။

မေး    – နည်းပြမော်ရင်ဟိုနဲ့ ကြားက ဆက်ဆံရေးအခြေအနေကို သိချင်ပါတယ်။ ခင်ဗျားရဲ့ကြိုးစားမှုအတွက် အသင်းမှာ အခွင့်အရေးပိုပေးခံရတယ်လို့ ပြောနေကြတဲ့အပေါ် သုံး    သပ်ပေးပါဦး။

ဖြေ    – မဟုတ်ပါဘူး။ နည်းပြရဲ့ အခွင့်အရေးပိုပေးခံရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတော့ရှိပါတယ်။ နည်းပြနဲ့ကြားမှာ စောဒကတက်စရာ အခြေအနေမရှိအောင် နေခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။ နည်းပြမော်ရင်ဟိုဟာ ကစားသမားတွေအပေါ်နဲ့ ကျွန်တော့်အပေါ်မှာ လေးစားမှုအပြည့်နဲ့ ပြောဆိုဆက်ဆံလေ့ရှိတဲ့ နည်းပြတစ်ယောက်ပါ။ ဒီအခြေနေက ပရော်ဖက်ရှင်နယ်ပီသတဲ့ လူ ၂ ယောက်ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုလို့ ပြောလို့ရပါတယ်။ အောင်မြင်မှုရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားပြီး ချန်ပီယံဆုတွေကို အတူတကွရယူဖို့ အာရုံစိုက်နေကြတဲ့သူတွေပါ။

မေး    – တခြားအသင်းတွေမှာ ကစားခဲ့ရတဲ့အချိန်တွေကထက် တိုက်စစ်မှာပိုပြီး ကစားခွင့်မရတာနဲ့ ပတ်သက်လို့ ဘယ်လိုခံစားရပါသလဲ။

ဖြေ    – ဒီအချက်ကတော့ ချဲလ်ဆီးအသင်းရဲ့ နည်းစနစ်၊ နည်းဗျူဟာနဲ့ပဲ ဆိုင်မယ်လို့ထင်ပါတယ်။ ဂိုးရဖို့အတွက် နေရာလွတ်တွေ ရှာဖွေရသလို ပြိုင်ဘက်အသင်းသားတွေရဲ့ လူကပ်ကစားတာခံပြီး အသင်းဖော်တွေ ဂိုးရဖို့ဖန်တီးပေးတာက အသင်းနည်းစနစ်တွေပါ။ ဒါကလည်း ခေတ်သစ်ဘောလုံးနည်းဗျူဟာတွေထဲက တစ်ခုလို့ ဆိုလို့ရပါတယ်။ တိုက်စစ်မှာ လွတ်လွတ်လပ်လပ်ကစားပြီး အသင်းဖော်တွေကို ဖန်တီးပေးနိုင်ဖို့အတွက် ပွဲတိုင်း ကြိုးစားပေးခဲ့တာပါ။

မေး    – ချန်ပီယံလိဂ်ဖလားရယူဖို့အတွက် ဘယ်အချက်ကြောင့် အခက်အခဲဆုံးအခြေအနေဖြစ်လာမလဲ။

ဖြေ    – ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့အကောင်းဆုံးအသင်းတွေ၊ အကောင်းဆုံးကစားသမားတွေ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲရဲ့ အဓိကအချက်ပါပဲ။ နိုင်ငံပေါင်းစုံက အကောင်းဆုံး
ကစားသမားတွေ ပါဝင်လာတဲ့အတွက် ပြည်တွင်းပွဲစဉ်တွေထက် ပိုခက်ခဲပါတယ်။ အမှားမယွင်းမရှိ ကစားနိုင်ပြီး ပွဲစဉ်တိုင်းမှာ အာရုံအပြည့်မစိုက်နိုင်ရင် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။ အမှားအနည်းဆုံးနဲ့ အာရုံစူးစိုက်မှုအပြည့်ရှိမှာသာ ချန်ပီယံဖလားကို မျှော်လင့်ခွင့်ရရှိမယ်လို့ ထင်ပါတယ်။

မေး    – ချန်ပီယံလိဂ်ပြိုင်ပွဲဝင်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ အခြေအနေအပေါ် သုံးသပ်ပေးပါဦး။

ဖြေ    – ချဲလ်ဆီးအသင်းဆိုတာက  ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းပါ။ တစ်ဦးချင်းအလိုက်၊ နေရာအလိုက် စွမ်းရည်အပြည့်ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ဆိုရင် ခက်ခက်ခဲခဲကြိုးစားရမှာဖြစ်သလို အစွမ်းကုန် အာရုံစိုက်ကစားနိုင်ဖို့ လိုအပ်ပြီး အမှားနည်းအောင်ကစားဖို့ လိုအပ်ပါတယ်။

မေး    – ချန်ပီယံလိဂ်ဖလားရဖို့ ဘယ်အသင်းက အဓိကပြိုင်ဘက်အသင်းဖြစ်လာမလဲ။ ဖျက်မြင်းအသင်းကရော ဘယ်အသင်းဖြစ်လာနိုင်ပါသလဲ။

ဖြေ    – လက်ရှိအချိန်မှာ ချန်ပီယံဆုကို အသင်းတိုင်း မျှော်လင့်နိုင်တဲ့အခြေအနေပဲ ရှိပါသေးတယ်။ ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကတော့ ရေပန်းအစားဆုံးအသင်းတွေအဖြစ် ရပ်တည်နေဆဲပါ။ ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်တွေ့ရတဲ့အချိန်တိုင်း အခက်အခဲတွေရှိလာနိုင်တယ်ဆိုပေမယ့် ချဲလ်ဆီးကတော့ ပြိုင်ဘက်အသင်းတိုင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဖျက်မြင်းအသင်းကိုတော့ မသုံးသပ်လိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲဝင်နေတဲ့အသင်းတိုင်းက လေးစားစရာခြေစွမ်းကို ပိုင်ဆိုင်ထားလို့ပါပဲ။

comments

error: Content is protected !!